နမ္မဒေသကျောက်မီးသွေးတွင်းသံသရာနှင့်နှောင်ဖွဲ့မှုများ
Posted by: MMWN | Posted on: September 6, 2022ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မကျေးရွာ၊ နားကွန်ကျေးရွာ၊ နမ္မရွာမကြီးကျေးရွာ၊ နားနန်းကျေးရွာ၊ နောင်နွေးကျေးရွာ၊ ကုန်းပေါင်းကျေးရွာနှင့် ပိန်းဆိုင်းကျေးရွာ ဧရိယာများတွင် ဆင်းရွှေလီငွေရည်ပုလဲကုမ္မဏီမှ ကျောက်မီးသွေးများဆက်လက်တူးဖော်လျှက်ရှိပြီး၊ ယခင်အစိုးရ လက်ထက်ကတည်းက စဉ်ဆက်မပြတ်တူးဖော်လာခဲ့ရာ ယနေ့ထိတိုင်ပင် တူးဖော်နေဆဲဖြစ်သည်။
၎င်းတို့တူးဖော်လျက်ရှိသော နေရာများတွင် ဒေသခံများ၏လယ်ယာ ခြံမြေများကို ထိခိုက်ပျက်စီးမှုများ နှစ်စဉ်နှစ်တိုင်း ပိုမိုတိုးများလာပြီး ရေအရင်းမြစ်များကိုပါထိခိုက်နေပါသည်။ တောင်သူလယ်သမားများ ပုံမှန်လုပ်ကိုင်စားသောက်လျက်ရှိသော လယ်ယာများအတွက်ရေများလုံလောက်မှု မရရှိတော့ဘဲ လယ်ယာမြေများပျက်စီးစေခြင်းနှင့် စွန့်ပစ်ရခြင်းများ ဖြစ်ပေါ်လာနေသည်။ ဤကဲ့သို့သော ထိခိုက်ဆုံးရှုံးမှုများကို ကုမ္မဏီမှ တာဝန်ယူလျော်ကြေးပေးမည်ဟု အကြိမ်ကြိမ်အစည်းဝေးပြုလုပ်၍ သဘောတူညီချက်များ ချမှတ်ခဲ့သော်လည်း ကုမ္မဏီမှပေးလျော်ြခင်း မရှိသေးပေ။ ယင်းလျော်ကြေးကို လယ်ပိုင်ရှင်များတောင်းဆိုထားသည့် ထိုက်တန်သောကာလပေါက်ဈေး အတိုင်း မပေးရုံတင်မက လာမည့် စက်တင်ဘာလထိ စောင့်ဆိုင်းပေးပါရန် ပြောဆိုထားသေးသည်။ ရွာသူရွာသားများ မှီခိုအားထားလုပ်ကိုင်စားသောက်လျက်ရှိသော ဟိုနားဖ ရေထွက်ဦးတွင် ကျောက်မီးသွေးတူးဖော် တိုးချဲ့လာြခင်းကြောင့် လက်ရှိတွင် လယ်မြေဧကပေါင်းများစွာထိခိုက်ပျက်စီးလာပြီး လယ်ပိုင်ရှင် ၂၀ ဦးထက်မနည်း ထိခိုက်နစ်နာလျက်ရှိသည်။ လယ်ပိုင်ရှင်များမှ ၎င်းတို့လယ်မြေများပျက်စီးဆုံးရှုံးမှုနှင့် လယ်များရေမရခြင်းကြောင့် လယ်မြေများစွန့်လွတ်ဆုံးရှုံးရန်အတွက် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၂ ထောင်တောင်းဆိုခဲ့ရာ ၎င်းကုမ္မဏီမှ ကျပ်သိန်း ၆၀၀ သာပေးလျော်မည်ဟု ကတိပေးထားသော်လည်း ယခုထိတိုင်လျော်ကြေးမပေးသေးပေ။
ထို့အပြင် နားနန်းရွာနှင့် နောင်နွေးရွာပိုင်မြေနေရာများတွင်လည်း မြင်းရွှေလွှာ ကုမ္မဏီအမည်ဖြင့် ၂၀၁၉ ခုနှစ်မှစ၍ ယနေ့ထိတိုင်တူးဖော်လျက်ရှိသည်။ ယင်းလုပ်ငန်းခွင်မှ ကျောက်မီးသွေးစွန့်ပစ်ရေများကို နမ္မချောင်းကြီးအတွင်းသို့ စွန့်ပစ်စီးဆင်းစေပြီး တူးဖော်ရာတွင်လည်း ဒေသခံရွာသားများ၏ လယ်ယာမြေများ ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့သည်။ ပျက်စီးဆုံးရှုံးသွားသော ခြံမြေများအတွက် ကုမ္မဏီမှ လျော်ကြေးပေးကာ ဆက်လက်တူးဖော်လျက် ရှိသည်။
ကျောက်မီးသွေးတူးဖော်နေမှုများအပေါ် ဒေသခံရွာသားတစ်ဦးက “ကျောက်မီးသွေးတူးဖော်ရေးအပေါ် သဘောတူတာတော့မတူပေမယ့် ကျွန်ုပ်တို့ရွာသားတွေရဲ့ တောင်းဆိုမှုကို လိုက်ရောပေးစေချင်တယ်၊ အခုဟာကလျော်ကြေးပေးမယ်လို့သာပြောပြီး မပေးသေးတာရယ် တောင်းဆိုထားသည့်အတိုင်း မလိုက်ရောပေးတာသာမက ထက်ဝက်ကျော်တောင် လျော့ပြီးပေးမယ်လို့ပြောထားတော့ ဆုံးရှုံးမှုနဲ့ မကိုက်ညီဘူးဖြစ်နေတယ်၊ ဒါတင်မကသေးဘူး ဒေသတွင်းလက်နက်ကိုင်တချို့နဲ့ပေါင်းပြီး ဒေသခံများကို ခြောက်လှန့်ခြင်း လျော်ကြေးများကို မပေးသေးဘဲ စောင့်ဆိုင်းစေခြင်းတို့ လုပ်နေပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ဖွင့်ဟပြောဆိုထားသည်။
ကုမ္မဏီက ဒေသတွင်း လက်နက်ကိုင်အဖွဲ့ကိုအမှီပြုပြီး ရွာသားများ၏ တောင်းဆိုမှုကို အပြည့်အဝ မလိုက်ရောပေးခြင်း၊ လျော့ကြေးများကို အဆမတန်လျော့ချပေးဆောင်ခြင်းများ လုပ်ဆောင်နေပါတယ်။ ကုမ္မဏီ ကိုယ်စားလှယ်လည်း ရွာသားများအတွက် ရန်ပုံငွေအတိကျ မချပေးခြင်း၊ မနှစ်က ကုမ္မဏီဘက်မှ သဘောတူလက်မှတ်ရေးထိုးထားတဲ့အတိုင်း မပေးဘဲ သိန်း ၇၅၀ သာပေးချေထားတယ်” ဟု နောက်ဒေသခံတစ်ဦးမှ ထပ်မံပြောဆိုသည်။
လွန်ခဲ့သော ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၂ ရက်နေ့တွင် ကုမ္မဏီမှ သဘောတူလက်မှတ်ရေးထိုးထားသည့် နမ္မအတွက် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ နှင့် ကျေးရွာအုပ်စုအတွက် ကျပ်သိန်း ၁၀၀ ပေးချေခြင်းမရှိဘဲ ယခုနှစ်တွင် ပေးထားသော သိန်း ၇၅၀ ဖြင့်သာကျေနပ်လိုက်ရသည်။ ၎င်းသိန်း ၇၅၀ ကို နားကွန်ရွာနှင့် ကုန်းပေါင်းမှခွဲဝေခဲ့ပါသည်။ ထိုအပြင် နားနန်းရွာနှင့် နောင်နွေးရွာ လုပ်ငန်းခွင်အတွက် သိန်း၅၀၀ ကိုရန်ပုံငွေအဖြစ် ပေးဆောင်ထားသော်လည်း ၂၀၂၂ ခုနှစ်အတွက်သာြဖစ်သည်။ ၂၀၂၁ ခုနှစ် အတွင်းမှ စတင်၍တူးဖော်လာသော ဟိုနားဖ ရေထွက်ဦးတွင်လည်း မည်သည့် လျော်ကြေးမှ မရသေးပေ။ ဒေသခံများ၏ လယ်ယာမြေများသာ ပျက်စီးဆုံးရှုံးပြီး ယခင်ကအတိုင်းရေလုံလောက်မှု မရတော့ပေ။ လယ်ပိုင်ရှင်များအတွက်လျော်ကြေးပေးဆောင်မည့် သိန်း ၆၀၀ ကိုလည်း လာမည့် စက်တင်ဘာလထိ စောင့်ဆိုင်းနေရသည်။
မန္တလေးအခြေစိုက် ဆင်းရွေလီငွေရည်ပုလဲ ကုမ္မဏီသည် နမ္မဒေသအတွင်းတွင် ၂၀၀၄ ခုနှစ်မှစ၍ ကျောက်မီးသွေးများတူးဖော်လာရာ အစိုးရအဆက်ဆက်တွင် တူးဖော်လျက်ရှိသည်။ ယနေထိတိုင် ဆက်လက်တိုးချဲ့တူးဖော်နေဆဲဖြစ်၍ နောက်နှစ်ပေါင်းများစွာအတွက် နမ္မဒေသခံရွာသားများအတွက် ရင်လေးစရာပင်။ ရှမ်းပြည်နယ်အတွင်းတွင် ၎င်းကုမ္မဏီသည် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းလုပ်ကိုင် သာမကဘဲ အခြားသော ဘိလပ်မြေထုတ်လုပ်ဖြန့်ဖြူးရေး၊ သကြားစက်ရုံလုပ်ငန်းနှင့် ကြံစိုက်ပျိုးရေးလုပ်ငန်းတို့ကိုပါ လုပ်ကိုင်နေပါသည်။
Comments are Closed