ဖားကန့် အောင်ဘာလေရွာထဲ လမ်းကို ပိတ်ဆို့ပြီး ကျောက်စိမ်းတူးနေ
Posted by: MMWN | Posted on: September 19, 2022ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အောင်ဘာလေရွာက လမ်းတွေပေါ်မှာ ကျောက်စိမ်းကြောတွေ့လို့ဆိုပြီး ရွာလမ်းမကြီးကို ပိတ်ဆို့ပြီး ကျောက်စိမ်းတူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ နောက်ပိုင်းကစလို့ ကုမ္ပဏီတွေနဲ့ ရေမဆေးသမားတွေပါ တူးဖော်နေကြတာလို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုထိ တူးနေကြတာ ရေမဆေးသမားတွေ အများကြီး သွားကြတယ်။ အဲနေရာကို ကုမ္ပဏီတွေရော အကုန်စုပြီး လုပ်နေကြတာပေါ့။ အရင်ကလည်း ကျောက်ကြောတွေ တခြားနေရာတွေမှာ ပေါ်တာမျိုးရှိတယ်။ တစ်နှစ်နဲ့ တစ်နှစ် ကျောက်ကြောပေါ်တဲ့နေရာက မတူဘူးပေါ့”
ရွာလမ်းမကြီးကို ပိတ်ဆို့ပြီး ကျောက်စိမ်းတူးဖော်နေတာကြောင့် သွားလာရေးအတွက် ရွာအနောက်ဘက်မှာရှိတဲ့ လမ်းအသစ်ကို ပြောင်းလဲအသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်ဘာလေရွာဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတစ်ခုဖြစ်သလို ကျပ်သန်းပေါင်များစွာတန်ဖိုးရှိတဲ့ ကျောက်စိမ်းတွေလည်း ထွက်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အောင်ဘာလေရွာတွင် လမ်းမကြီးကို ပိတ်ဆို့ပြီး ကျောက်စိမ်းတူးဖော်နေကြသည်ကို တွေ့ရစဉ်။ (Photo: CJ)
Comments are Closed