ကျောက်စိမ်းကြောသစ်တွေ့ရှိထားသည် လုံးခင်းအုပ်စု သာယာကုန်းကျေးရွာရှိ လူနေအိမ်ဝန်းများ ကျပ်သိမ်းသောင်းနှင့်ချီ ဈေးပေးဝယ်ယူနေ
Posted by: MMWN | Posted on: October 6, 2022ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာတွင် ကျောက်စိမ်းကြောသစ်တွေ့ရှိမှုကြောင့် ကုမ္ပဏီများ ရေမဆေးများ စုဖ့ွဲကာ ကျောက်စိမ်းတူးဖော်နေကြပြီး ကျေးရွာအတွင်း ဝင်ရောက်တူးဖော်နိုင်ရန်အတွက် ဒေသခံ ခြံဝန်းများကို သိန်းသောင်းနှင့်ချီပေးကာ ဝယ်ယူနေကြကြောင်း ဒေသခံများထံမ သိရသည်။
အဆိုပါ ကျေးရွာတွင် ပြီးခဲ့သည့် မေလလောက်မှ စတင်ကာ ကျောက်စိမ်းကြောသစ်တွေ့ရှိမှုကြောင့် သာယာကုန်မှော်အနီးအနား ပတ်ပတ်လည်တွင် ယခုနှစ် မတ်လ ခန့်မှစတင်ကာ ကျောက်စိမ်တူးဖော်နေကြခြင်းဖြစ်ပြီး သာယာကုန်းကျေးရွာနှင့် အမှိုက် ပုံကျေးရွာနေရာ (၂) နေရာခန့်သာ တူးဖော်ရန်ကျန်ရှိတော့ကြောင်း သိရသည်။
လက်ရှိတွင်လည်း ကျေးရွာအတွင်းရှိ ခြံဝန်းများကို မတန်တဆ ဈေးများပေးကာ ဝယ်ယူနေကြသည့်အတွက် သာမန်ခြံဝန်းတစ်ခုကို ကျပ် သိန်း (၄)သောင်းခန့် ဈေးပေးဝယ်နေကြကာ မြေတစ်ပေ ပတ်လည်လျှင် ကျပ်(၇)သိန်းထိ ဈေးပေါက်နေကြောင်း သိရသည်။
“ကျောက်စိမ်းကြောသစ်တွေ့လို့ဆိုပြီးတူးဖော်နေတာက မတ်လ လောက်ထဲက တူးနေကြတာ၊ သာယာကုန်းမှော်ရဲ့ ဘေးပတ်လည် အဝီစိ တွင်းတွေပါတူးပြီး ကျောက်စိမ်းရှာဖွေနေကြတာ၊ အမှိုက်ပုံရယ်၊ ကျေးရွာရယ် ဒီနှစ်နေရာလောက်ပဲ တူးဖော်ဖို့ကျန်တော့တာ၊ အခုလဲ ကျေးရွာက ခြံဝန်းတွေကို ဝယ်နေကြပြီ၊ဈေးကို မတန်တဆကို ပေးပြီးဝယ်နေကြတာ ၊ ခြံဝန်းတစ်ဝန်းဆို သိန်း (၄)သောင်း (၅)သောင်းလောက် ဈေးပေါက်နေကြတယ်၊” ဟု၎င်းကပြောသည်။
အလားတူ ကျောက်စိမ်းကြောသစ်တွေရှိခဲ့သည့် ကုဋ္ဌေကျေးရွာကိုလည်း ဇူလိုင်လခန့်က ရွာလုံးကျွတ်နီးပါးခြံဝန်းများကိုဝယ်ယူထားပြီးဖြစ်ကာ ကျောက်စိမ်းတူးဖော်မှုများကိုတော့ စတင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါ လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာတွင် အိမ်ထောင်စုပေါင်း (၃၀၀)ခန့်သာရှိနေပြီး ကျပ်သန်းနှင့်ချီသည့် အဖိုးတန်ကျောက်များထွက်ရှိခဲ့ကြောင်း ဖားကန့်မြို့တွင်း ကျောက်အရောင်းအဝယ်ပြုလုပ်ကြသူများထံမှ သိရသည်။
ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများ ကို ဆက်လက်တူးဖော်ခွင့်မပြုကြောင်း ပြီးခဲ့သည့် ဧပရယ် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တရားမဝင်တူးဖော်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
crd AZM
Comments are Closed