ချင်းပြည်နယ်၊ ဆမီးမြို့အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ အ‌ခြေအနေ တင်ပြသုံးသပ်ခြင်း

Posted by: | Posted on: July 6, 2020

Date: 6 Jul 2020

၂၀၂၀ ခုနှစ်အတွင်း ရခိုင်တပ်မတော် (Arakhan Army) နှင့် မြန်မာ့တပ်မတော် ပစ်ခတ်တိုက်ခိုက်ရာမှ စစ်မြေပြင်တစ်ဖြည်းဖြည်းချဲ့ထွင်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်ဒေသတစ်လျှောက်ရှိချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်း ချင်းလူမျိုးများ နေထိုင်သည့်ကျေးရွာပေါင်း (၁၁) ရွာကျော်ကို မြန်မာ့တပ်မတော်မှ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၄-၁၆) ၃ ရက်တိတိ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် မြောက်များစွာဆုံးရှုံးရပြီးနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြည်သူ ၃၀၀၀ (သုံးသောင်း) ကျော် ဆမီးမြို့သို့ရောက်ရှိ ခိုလုံနေကြပါသည်။

            မြန်မာ့တပ်မတော်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူမိဘများ၊ ဒဏ်ရာရ သူများ၊ အမျိုးသမီးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာခေါင်းဆောင်များကို ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ မှ ဆန်အိတ်များနှင့် လူသုံးကုန်ပစ္စည်းများသွားရောက် ပံ့ပိုးပေးရင်း ၄င်းတို့၏ လူနေမှုဘဝ အခြေအနေနှင့် တိုက်ပွဲဖြစ်စဥ်များကို သွားရောက် လေ့လာဆွေးနွေးခဲ့ပါသည်။

            အခြေခံအားဖြင့် လက်ရှိကျန်းမားရေးစောင့်ရှောက်မှုအခြေအနေ၊ စားဝတ်နေရေးအခြေအနေ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏အခြေအနေ၊ ပညာရေး၊ ဝင်ငွေရရှိနိုင်သောအလုပ်အကိုင် အခွင့်အလမ်းများနှင့် စစ်ပွဲကြောင့် ၄င်းတို့၏ကြုံတွေ့ရင်ဆိုင်ရသော အခက်အခဲများကို အတိုချုပ်သုံးသပ်တင်ပြအပ်ပါသည်။

(က) ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ သုံးသပ်တင်ပြခြင်း။

၂၀၂၀ ခုနှစ်၊ မေလကုန်အထိ ဆမီးမြို့ စစ်ဘေးသင့်ပြည်သူဦးရေ (၃၀၁၄) ဦးရှိပြီး ကလေးသူငယ် (၁၁၃၆) ဦးရှိပါသည်။ ပြည်တွင်းပြည်ပအလှူရှင်များ အစီအစဥ်ဖြင့် ဆောက်လုပ်ခဲ့သောယာယီတဲများတွင် ကြပ်တည်းစွာ နေထိုင်ရသည့်အတွက် COVID19 ရောဂါကူးစက်နိုင်မှုအလားအလာများရှိ၍ စိုးရိမ်နေရပါသည်။ မိုးတွင်းကာလတွင် ရင်ဆိုင်ကြုံတွေရမည့် မိုးဒဏ် လေဒဏ်၊ ရာသီဥတုဒဏ်များ ကာကွယ်နိုင်ရန် လုံခြုံသော အဆောက်အဦးများ၊ အဝတ်အစားများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သန့်ရှင်းသော သောက်ရေ/သုံးရေများရရှိနိုင်ရန် အလွန်ခက်ခဲနေသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။

            ချင်းပြည်နယ်မှ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သော ချင်းပြည်နယ်အစိုးရအဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအား လာရောက်တွေ့ဆုံခြင်းများရှိခဲ့သော်လည်း အစိုးရအနေဖြင့် စစ်ဘေးသင့်ပြည်သူများအတွက် အထူးပြုသည့် လက်တွေ့ကျသော ကြိုတင်ပြင်ဆင်မှုများ၊ ကျန်းမာရေးစောင့် ရှောက်မှုအတွက် ဆေးဝါးနှင့်ဆေးပစ္စည်းများခွဲဝေချထားမှုများ၊ လုံခြုံသောနေရာချထားမှုများ၊ လူသား ချင်းစာနာထောက်ထားမှု အတွက် တာဝန်ခံမှု/တာဝန်ယူမှုများရှိပါသည်ဟု လက်ဆုပ်လက်ကိုင်ပြနိုင်ရန် တိကျပြတ်သားသော စီမံဆောင်ရွက်မှုများဘာမှမတွေ့ရသေးပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့်ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးသင့်ပြည်သူများအပါ်လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြိုတင်ကာကွယ်ရေး အစီအစဥ်များ၊ ဆေးဝါးနှင့် အခြားဆေးပစ္စည်းကိရိယာများ ပံ့ပိုးထားနိုင်ရေး အစီမံများ ဆောင်ရွက်ရန်နှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးရန် အစိုးရနှင့် တပ်မတော်တွင် တာဝန်အပြည့်အဝရှိပေမယ့် ဥပေက္ခာပြုနေကြောင်း တွေ့ရှိနိုင်သည်။

            လက်ရှိ ခိုလုံနေသော စစ်ဘေးဒဏ်သင့်စခန်းသည် တပ်မတော်နှင့်အစိုးရ၏ စီမံဆောင်ရွက်မှုဖြင့် နေရာချထားခြင်းမဟုသည့်အပြင် ဗုံးဖောက်သံများနေ့စဥ် ကြားနေရသည့်နေရာဖြစ်သည့်အတွက် စစ်ဘေးသင့်ပြည်သူများမှ စိတ်လုံခြုံမှုမရှိခြင်း၊ အချိန်မရွေး စစ်မြေပြင်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ခံစားရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့နေကြောင်း တွေ့ရှိရပါသည်။

(ခ) စားနပ်ရိက္ခာအခြေအနေ သုံးသပ်တင်ပြခြင်း

စစ်ဘေးဒဏ်သင့်ပြည်သူများသည် နေရာအားဖြင့် (၁) ပလက်ဝ စစ်ဘေးဒဏ်သင့်စခန်း၊ (၂) ဆမီးမြို့စစ်ဘေးဒဏ်သင့်စခန်းဟူ၍ နှစ်နေရာတွင် ခိုလုံလျက်ရှိပါသည်။ လူဦးရေအားဖြင့် ပလက်ဝ တွင် (၅၀၀၀) ကျော်၊ ဆမီးစစ်ဘေးရှောင်စခန်းတွင် (၃၀၁၄) ဦးရှိပါသည်။

            ပလက်ဝ စစ်ဘေးဒဏ်သင့်ပြည်သူများအတွက် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရာတွင် ယခင်က ကုန်းကြောင်းနှင့်ရေကြောင်း နှစ်ခုစလုံးအသုံးပြုသွားလာရသော်လည်း ယခုလက်ရှိအခြေအနေတွင် ရေကြောင်းနဲ့ပို့ဆောင်ပါက AA တပ်ဖွဲ့များ၏ တိုက်ခိုက်လုယူမှု ကြောက်ရွံ့ရပြီး ကုန်လမ်းပို့ဆောင်ရာတွင်လည်း လုံခြုံမှုမရှိသည့်အတွက် လမ်းကြောင်းနှစ်ခုစလုံးအလွန်အန္တရာယ်ရှိပါသည်။

            မြန်မာ့တပ်မတော်၏ ထိန်းချုပ်နယ်မြေဖြစ်သော ပလက်ဝမြို့ စစ်ဘေးဒဏ်သင့်စခန်းရှိ ပြည်သူများအတွက် အလှူပစ္စည်းများပေးပို့ရန် သွားလာရေးအလွန်အန္တရာယ်များသည့်အတွက် မြန်မာ့တပ်မတော်နှင့်အတူ သွားလာရပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်အဖွဲ့ (W F P)၊ နိုင်ငံတကာအဖွဲ့  အစည်းများအတွက် သွားလာရေးလုံခြုံမှုမရှိပါ။ပြည်တွင်းပြည်ပ အလှူရှင်များထံမှ ရရှိသော စားနပ်ရိက္ခာများကို စစ်ကားများနှင့် အစိုးရပိုင်ကားများသွားလာတဲ့အချိန် လမ်းကြုံစောင့်၍ အကူညီတောင်းကာ အနည်းငယ်စီ ပို့ပေးနေရပါသည်။

            ၂၀၂၀ မတ်လ ၁၄ ရက် ကစပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ချင်းလူမျိုးများ နေထိုင်သည့် ကျေးရွာတစ်ချို့ကို မည်သည့်အကြောင်းပြချက်မှ မပေးဘဲ မြန်မာ့တပ်မတော်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်တွက် အန္တရာယ် ပိုမိုကြီးလာသည့်အပြင် ဒေသအတွင်း လုံခြုံမှုလုံးဝမရှိတော့ကြောင့် ပလက်ဝစစ်ဘေးဒဏ်သင့်စခန်းသို့ မည်သည့်အကူအညီကိုမှ မရောက်နိုင်တော့ပါ။ လက်ရှိအခြေအနေမှာ တပ်မတော်နှင့် အစိုးရမှ စစ်ဘေးသင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားတုန့်ပြန်မှု အကူအညီပေးရေးလုပ်ငန်း၊ တာဝန်ယူမှု/တာဝန်ခံမှု အစီအစဥ်များလည်းမရှိ၊ ပြည်တွင်းပြည်ပ အလှူရှင်များလည်း ဝင်ရောက်လို့မရ ဖြစ်နေတဲ့အတွက် ပလက်ဝစစ်ဘေးသင့်ပြည်သူများ၏ ရှေ့ဆက်စားနပ်ရိက္ခာရရှိရေးအတွက် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် အလွန်စိုးရိမ်ရပါသည်။

            စားနပ်ရိက္ခာဝယ်ယူရာတွင် တင်းကြပ်စွာ ကန့်သတ်ထားသည့်အတွက် ဒေသခံများအနေဖြင့် စားနပ်ရိက္ခာဝယ်ယူလိုပါက မြန်မာ့တပ်မတော်စခန်း၏ ထောက်ခံချက်ရယူရပြီး ခွင့်ပြုအရေအတွက်အတိုင်းသာ ဝယ်ယူရပါသည်။ တပ်မတော်၏ခွင့်ပြုချက်ဖြင့် ဝယ်ယူခွင့်ရှိနိုင်သော်လည်း ဆန်တစ်အိတ် သယ်ယူစရိတ်မှာ ဆန်တစ်အိတ်တန်ဘိုးနှင့် ညီမျှနေသည့်အတွက် ဒေသအတွင်း ဆန်စျေးနှုန်း အဆမတန် မြင့်တက်လာပြီး ဆန်တစ်အိတ် ၆၀၀၀၀/- မှ ၁၀၀၀၀၀/- ကျပ်အထိ မြင့်တက်လာခဲ့ပါသည်။ ပြည်တွင်းပြည်ပ စေတနာရှင်များ၏ အလှူပစ္စည်းများနှင့် စားနပ်ရိက္ခာများပို့ဆောင်ရန် အင်မတန်ခက်ခဲသည့်အတွက် ပလက်ဝမြို့ရှိစစ်ဘေးဒဏ်သင့်ပြည်သူများ၏ ဝမ်းရေးအတွက် အလွန်စိုးရိမ်စရာ အခြေအနေသို့ ရောက်နေပါသည်။

(ဂ) အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လူနေမှုအခြေအနေ သုံးသပ်တင်ပြခြင်း

            စစ်ဘေးရှောင်ပြည်သူများတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မီးဖွားခါစ မိခင်များနှင့် ကလေးသူငယ်များပါဝင်နေပြီး အမျိုးသမီးများတစ်ကိုယ်ရေ သန့်ရှင်းရေးနေရာများ လုံခြုံမှုမရှိဘဲ ရောနောအသုံးပြုခြင်းများကြောင့် အထူးသဖြင့် အမျိုးသမီးများအတွက် လူ့ဂုဏ်သိက္ခာ ထိလွယ်ရှလွယ်သော အခြေနေမျိုးတွေ့မြင်နေရပါသည်။ နေထိုင်ရန်ချထားပေးသောနေရာ များသည် လုံခြုံမှုမရှိဘဲ ကျပ်တည်းစွာနေထိုင်ရခြင်း၊ ကလေးငယ်များအတွက်လည်းဘေး ကင်းလုံခြုံမှုမရှိသောအခြေအနေများတွင်ရှိပါသည်။ အမျိုးသမီးများနှင့်ကလေးသူငယ်များအား ခွဲခြားဆက်ဆံခြင်းနှင့် လိင်စိတ်ခံယူမှုအပေါ် ခွဲခြားဆက်ဆံခြင်းမျိုး ဆိုးဆိုးဝါးဝါး မတွေ့ရသေးသော်လည်း ကြိုတင်အကာအကွယ် ပေးမှုအစီအစဥ်များ ခိုင်မာစွာချမှတ်ဆောင်ရွက်ခြင်း မပြုလုပ်နိုင်ပါက မလိုလာအပ်သော အိမ်တွင်းအကြမ်းဖက်မှုများ၊ ကျား/မ တန်းတူရေး အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဘေးရှောင်ပြည်သူအချင်းချင်းကြားတွင် ကြုံတွေ့လာနိုင်ပါသည်။

            (ဃ) ကလေးများ၏ ပညာရေးအနာဂတ်

ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြပြီး စောင့်ရှောက်ကူညီမှုများစွာ လိုအပ်နေပါသည်။ ကလေးများမှာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းနေပြီး အဝတ်အစားများနှင့် အစားအသောက်မှာလည်း လိုအပ်လျက်ရှိပါသည်။ ကလေးငယ်များသည် ပညာသင်ကြားရန်လိုလားနေကြသော်လည်း လက်ရှိအချိန်ထိ ဆမီးမြို့ စခန်းရှိ ကလေးများ၏ ကျောင်းနေနိုင်ရေးအတွက် နေရာ၊ ကျောင်းဆောင်အဆောက်အအုံများ သင်ထောက်ကူ စာရွက်စာတမ်းများ အဆင်သင့် စီမံဆောင်ရွက်ချက်မျိုး တစ်စုံတစ်ရာမှ မတွေ့ရသေပါ။ ချင်းပြည်နယ် အစိုးရအနေဖြင့် ယာယီကျောင်းဆောင်နှစ်ခု ဆောက်လုပ်ရန် စီစဥ်နေကြောင်းပြောကြားချက်များ ရှိခဲ့သော်လည်း လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါ။

            ကျောင်းနေပြီးသားကလေးများ အတန်းသင်ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းပညာရေးနှင့် ပတ်သက်၍ လိုအပ်သော အောင်လက်မှတ်စာရွက်စာတမ်းများနှင့် အခြားလိုအပ်သော အထောက်အထားမရှိသည့် စစ်ဘေးသင့်ကလေးများအတွက် မည်သို့မည်ပုံ သက်မှတ်လက်ခံရမည်ကိုလည်း မူဝါဒချမှတ်ခြင်းမရှိသေးသည့်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် စစ်ဘေးသင့်ကလေးများ၏ ပညာသင်ကြားနိုင်ရေးအတွက် အာမခံချက် ဘာမှမရှိသေးပါ။ ကျောင်းပြင်ပ ပညာရပ်များဖြစ်သော အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း သင်ယူနိုင်ခြင်း မရှိသည့်အပြင် စစ်ဘေးဒဏ်ခံ ပြည်သူများ၏ ပညာရေးစာရွက်စာတမ်းများ၊ နိုင်ငံသားဖြစ်ရေး သက်သေ စာရွက်စာတမ်းများ၊ အိမ်ထောင်စုစာရင်းများနှင့် လူဦးရေစာရင်းများကို ပြန်လည်ရရှိနိုင်ရေးအတွက် အစိုးရမှ ချွင်းချက်အနေဖြင့် စီမံဆောင်ရွက်ခြင်းမရှိပါက စစ်ဘေးသင့် ပြည်သူများအတွက် နိုင်ငံသားအခွင့်အ‌ရေးများ ဆုံးရှုံးနိုင်ပြီး ကလေးငယ်များအတွက် အနာဂတ် မျှော်လင့်စရာမဲ့ဘဝသို့ရောက်ရှိနိုင်ပါသည်။

(င) ဝင်ငွေရရှိနိုင်သော အလားအလာ

ဆမီးမြို့ရှိ စစ်ဘေးဒဏ်ခံပြည်သူများအား ၂၀၂၀ ခုနှစ်အတွင်း အခကြေးငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မည်သည့်လုပ်ငန်းကိုမျှ လုပ်ကိုင်စေခြင်းမပြုရန်  မြို့နယ်အာဏာပိုင်များမှ တားမြစ်ထားပါသည်။ စစ်ဘေးသင့် အမျိုးသမီးအများစုမှာ ရိုးရာအထည်ယက်ကန်းအလုပ် လုပ်တတ်ကြပြီး လိုအပ်သော ကုန်ကြမ်းပစ္စည်းများပံ့ပိုးကူညီခြင်း၊ အခြားသော အိမ်တွင်းလက်မှုပညာများ သင်ကြားပေးခြင်း၊ ဤကဲ့သို့သော် သင်တန်းများ ပေးနိုင်ပါက အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မိသားစုဘေးဝင်ငွေအထောက်အကူပြုနိုင်မည်ဟု သုံးသပ်ပါသည်။

တပ်မတော်နှင့် AA အပါ် စစ်ဘေးရှောင် ပြည်သူများ၏ အမြင်များနှင့် ဘဝအခြေအနေ

ဆမီးမြို့ရှိ စစ်ဘေးသင့်စခန်းသို့ ရောက်ရှိလာရသည့် အကြောင်းရင်း နှစ်မျိုးရှိပါသည်။ (၁) တိုက်ရိုက်တိုက်ခိုက်ခံရမှုကြောင့် အသက်လုပြီး ရုန်းကန်ထွက်ပြေးခဲ့ရသည့် စစ်ဘေးသင့် ပြည်သူများနှင့် (၂) တိုက်ခိုက်ခံရသေးသော်လည်း တိုက်ခိုက်ခံရနိုင်သည်ဟု စိုးရိမ်ရသည့် အခြေအနေကြောင့် ကြောက်ရွံ့၍ ကြိုတင်ထွက်ပြေးတိမ်းရှောင်ပြည်သူများဟူ၍ နှစ်မျိုးရှိပါသည်။ ဗုံးကြဲ တိုက်ခိုက်ခံရသဖြင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးခံရသည့်အတွက် ထွက်ပြေးခဲ့ရသောပြည်သူများမှာ မည်သည့်ပစ္စည်းဥစ္စာကိုမျှ ယူဆောင်နိုင်ခြင်းမရှိပါ။ ထို့အပြင် ထားခဲ့ရသော အိမ်မွေးတနရိစ္ဆာန်များ၊ နေအိမ်များနှင့် ပစ္စည်းများကို ဖျက်ဆီးခံရခြင်းကြောင့် နေရပ်သို့ပြန်သွားနိုင်သည့် အခြေအနေမျိုးရှိသည့် တိုင်အောင် သူတို့တွင် ပစ္စည်းဥစ္စာပိုင်ဆိုင်မှု ဘာမှမရှိတော့သည့်အတွက် မျှော်လင့်ချက်ကင်းမဲ့နေကြပါသည်။

            ကြိုတင်တိမ်းရှောင်ပြည်သူများမှာ နေရပ်စွန့်ခွာရသော်လည်း ပြင်ဆင်ချိန်ရပြီး အလွယ်တကူ သယ်ယူနိုင်သည့် ပစ္စည်းဥစ္စာများပါလာနိုင်သည့်အတွက် နေရေးထိုင်ရေးကိစ္စတွင် အနည်းငယ် သက်သာမှုရှိပါသည်။ ကြိုတင်တိမ်းရှောင်ပြည်သူများမှာ မိမိတို့၏ ကျေးရွာများသို့ ပြန်လည်နိုင်မည့် အခြေနေမျိုး မရှိသေးသော်လည်း ၎င်းတို့၏ နေအိမ်များ၊ အများပိုင်အဆောက်အအုံများဖျက်ဆီးခြင်း မခံရသေးသည့်အတွက် ငြိမ်းချမ်းလာမည့် တစ်နေ့တွင် ရွာပြန်လာနိုင်မည်ဟု ယုံကြည်မျှော်လင့် လျက်ရှိပါသည်။

            ဆမီးမြို့ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသော ပြည်သူများသည် လက်နက်ကိုင်နှစ်ဖက်စလုံးကို ကြောက်ရွံ့နေကြရသည်။ သူတို့နေထိုင်ရာ ရွာထဲကိုလည်း AA မှ လက်နက်ကိုင်ပြီး ဝင်လာခြင်းမျိုး မရှိသလို မြန်မာ့တပ်မတော်မှာလည်း ဝင်ရောက်လာခြင်းမျိုးမရှိပါဟု ပြောပြချက်အရသိရှိရပါသည်။ ဒါပေမဲ့ မြန်မာ့တပ်မတော်က လေယာဥ်ဗုံးမကြဲခင် တစ်ပတ်အလို(သို့) တစ်လအလို ကတော့ AA ဘက်မှ တစ်ယောက်နှစ်ယောက်လောက် လက်နက်ကိုင်ဆောင်ထားခြင်းမျိုးမရှိဘဲ ရွာတွင် ကွမ်းရွက်ဝယ်ယူရန် လာရောက်တာမျိုးတော့ရှိပါသည်။ ဒီအခြေအနေမျိုးကလည်း ချင်းပြည်နယ်၊ ပလက်ဝနယ် တစ်လျှောက်လုံးရဲ့ အခြေအနေမျိုးတော့ မဟုတ်ဘဲ မြန်မာ့တပ်မတော်၏ လေယာဥ်ဗုံးကြဲခံရပြီး ဆမီးမြို့ စစ်ဘေးရှောင်စခန်းများမှာ လာရောက်ခိုလုံကြသော ကျေးရွာများသာ ဖြစ်ပါသည်။

            စစ်ဘေးရှောင်စခန်းများတွင် ခိုလုံနေကြသော ပြည်သူအချို့သည် မိမိတို့နေထိုင်ခဲ့သော ကျေးရွာများသို့ ပြန်လည်သွားရောက်ကြည့်သည့်အချိန်တွင် စစ်တပ်က သေနတ်ဖြင့် ခြောက်လန့်ပစ်ခတ်ခံရခြင်းမျိုး၊ ရွာကိုမလာကြဖို့ သတိပေးတာမျိုးလည်းရှိပါသည်။ ရွာထဲသို့ သွားရောက်နိုင်သူများက အိမ်းများအတွင်းရှိ ပစ္စည်းများ မွှေနှောက်ထားကြကြောင်း အဖိုးတန်သည့် ပစ္စည်းတစ်စုံတစ်ရာမျှ မရှိတော့ကြောင်းနှင့် မွေးမြူထားသော တိရိစ္ဆာန်များလည်း မရှိတော့ကြောင်း မည်သည့် လက်နက်ကိုင်အဖွဲ့က ယူသွားကြောင်းကိုတော့ မသိရသေးပါ။ စပါးကျီများနှင့် အိမ်တံခါးများ ဖျက်ဆီး၍ အိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်း၊ ကျေးရွာသားများအနေနဲ့ ပစ္စည်းများနှင့် မွေးမြူထားသော တိရိစ္ဆာန်များကို နှစ်ဖက်အဖွဲ့မှ ယူချင်သလောက်ယူသွားနိုင်ကြောင်း အိမ်များကိုတော့ ဖျက်ဆီးကာ မီးရှို့ပစ်တာမျိုး မပြုလုပ်စေချင်ကြောင်း ပြောပြကြပါသည်။

            မြန်မာ့တပ်မတော်နေဖြင့် AA အဖွဲ့ကို အမြစ်ဖြတ်တိုက်ခိုက် ချေမှုန်းချင်ပါက တိုက်ခိုက်နိုင်သည့် အခြေအနေ အနေအထားများစွာ ရှိကြောင်း၊ ယခု အခြေအနေမျိုးကတော့ AA ကို တိုက်ခိုက်ချင်၍ မဟုတ်တော့ဘဲ ဒေသခံကျေးရွာသားများကိုသာ ထိခိုက်ခံစားရစေရန် ပြုလုပ်နေသည့် သဘောမျိုးသက်ရောက်နေသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။  ပြည်သူကို ကာကွယ်ရန် တာဝန်ရှိသည့် အစိုးရတပ်မတော်ကဘဲ ပြည်သူတွေကို စစ်လေယာဥ်များနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်သည့်အတွက် မိမိတို့ဒေသခံကျေးရွာသားများကို လျစ်လျူရှု၍ စာနာမှုကင်းမဲ့ကြောင်း ပြောကြပါသည်။ ဒေသခံကျေးရွာသားများအနေဖြင့် ယနေ့အချိန်တွင် မြန်မာ့တပ်မတော်နှင့် ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိတော့ကြောင်းပြောကြားကြပါသည်။

နိဂုံး

            အချုပ်အားဖြင့် လက်ရှိဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော်အကြား တိုက်ပွဲသည် အမြန်ဆုံးရပ်တန့်နိုင်ခြင်းမရှိပါက ချင်းနှင့်ရခိုင် တိုင်းရင်းသားအချင်းချင်းအကြား ကြီးမားသော မလိုမုန်းတီးမှုများ ရှိလာနိုင်ပြီး သုံးပွင့်ဆိုင် တိုက်ပွဲများဖြစ်လာသည်အထိ ကျယ်ပြန့်လာမည်ကို စိုးရိမ်နေရပါသည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတော်တော်များများနေဖြင့်လည်း မြန့်မာတပ်မတော်၏ လုပ်ရပ်များကို ဝေဖန်ထောက်ပြပြောဆို ခြင်းမလုပ်ရဲ၊ သတင်းမီဒီယာများအနေဖြင့်လည်း အမှန်တရားကို ဖော်ထုတ်ရေးသားထုတ်ဝေနိုင်မှု အလွန်အားနည်းလျက်ရှိပါသည်။ တိုက်ပွဲကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်ထိခိုက်ဆုံးရှုံးခံရသော ပြည်သူများ၏ မတရားခံရမှုဖြစ်စဥ်များကို စုံစမ်းဖော်ထုတ်နိုင်ခြင်း၊ အဖြစ်မှန်ကို ကမ္ဘာသိအောင် ရေးသားဖြန့်ဝေခြင်း၊ ပြည်သူလူထု၊ သတင်းမီဒီများနှင့် နိုင်ငံ‌ရေးပါတီများ၏ ဖိအားပေးမှုအပြင် နိုင်ငံတကာမှ ပူးပေါင်းပါဝင်မှုများဖြင့် မြန်မာ့တပ်မတော်အား ဖိအား ပေးလုပ်ဆောင်မှုတွေအရေးတကြီး လိုအပ်နေပြီလို့ သုံးသပ်တင်ပြအပ်ပါသည်။





Comments are Closed