“ စိန်ခေါ်မှုများအကြားမှ အခွင့်အရေးတစ်ရပ် ဖန်တီးရေးဆီသို့ “
Posted by: MMWN | Posted on: October 6, 2022သတ္တုသယံဇာတများ အလွန်အကျွံတူးဖော်ထုတ်ယူမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုး ပြဿနာများအထဲမှ သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများအဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်ဆီးခြင်း၊ ရေအရင်းအမြစ်များအရည်အသွေး ထိခိုက်ပျက်ဆီးခြင်းနှင့် ဇီဝသက်ရှိများမျိုးသုံးပျက်ဆီး ခြင်းများသည် ကယား(ကရင်နီ)ပြည်ရှိ ခဲမဖြူ၊ အဖြိုက်နက်သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်း ကဏ္ဍကြောင့် ကြီးမားသောဆိုးကျိုးသက်ရောက်မှုများသည် ဆယ်စုနှစ်များစွာကတည်းကပင် ဖြစ်ပေါ်နေခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။ အထက်ပါ ထိခိုက်သက်ရောက်မှုများအပြင် အခြားသော လူ့အခွင့် အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုများသည်လည်း ဤသတ္တုတူးဖော်ထုတ်လုပ်မှုနှင့်အတူ ယှဉ်တွဲလျက် အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေလျက်ရှိနေပါသည်။
ကယား(ကရင်နီ)ပြည်၏ သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများအထဲမှ ယခင်စစ်အစိုးရအဆက်ဆက်၏ လက်ထက်မှ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်ထိ ကယား(ကရင်နီ)ပြည်တွင် တစ်ခုတည်းသော အကြီးစား သတ္တုဖော်ထုတ်လုပ်ခွင့်ကိုရရှိထားသော မော်ချီးဒေသရှိ ခဲမဖြူအဖြိုက်နက်သတ္တုတူးဖော်ထုတ်လုပ်မှုသည် ဒေသခံလူထုများသာမက အခြားသောဒေသမှလာရောက်နေထိုင်သောသူများ၏ မှီခိုအားထားရာ လုပ်ငန်းဖြစ်စေသော်လည်း အခြားတစ်ဘက်တွင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများကို ကြီးမားစွာဖြစ်ပေါ်စေနေသော စီမံကိန်းတစ်ခုဖြစ်ပါသည်။
မော်ချီးဒေသသည် ကယား(ကရင်နီ)ပြည်၏ အနောက်တောင်ပိုင်းတွင် တည်ရှိသော ဒေသတစ်ခုဖြစ်ပြီး ဌာေနကရင်(ပကူးမျိုးနွယ်စု)လူမျိုးများ အများစုနေထိုင်ရာဒေသတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမှီ ကပင် ဌာနေကရင်လူမျိုးများသည် ခဲသတ္တုတူးဖော်ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သော် လည်း အုပ်ချုပ်သူအစိုးရအဆက်ဆက်တို့၏ ထိန်းချုပ်အောက်တွင် ခဲသတ္တုတူးဖော်ခြင်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခဲ့ကြပါသည်။ မော်ချီး ခဲမဖြူ၊ အဖြိုက်နက်သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းသည် တစ်ချိန်က ကမ္ဘာ့ ဈေးကွက်တွင် နာမည်ရသော သတ္တုထွက်ကုန်တစ်မျိုးဖြစ်ပြီး ကမ္ဘာ့ခဲမဖြူအဖြိုက်နက် လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်သော အဓိကသတ္တုကုန်ကြမ်းတစ်မျိုးဖြစ်ခဲ့သည်။ ထို့ပြင် မော်ချီးခဲမဖြူနှင့်အဖြိုက်နက်သတ္တု တူးဖော်ထုတ်လုပ်မှုလုပ်ငန်းသည် အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာန၏မှတ်တမ်းများအရ နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနိုင်သော သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများအထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
ထို့ကြောင့် ဤသတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းသည် စီမံကိန်းတွင်ပါဝင်ပတ်သက်ရင်းနှီးမြုပ်နှံသောသူများ၏ အကျိုးစီးပွားကို အလွန်အကျိုးပြုသောစီမံကိန်းတစ်ခုဖြစ်ပါသည်။ သို့သော်လည်း ထိုအချိန်မှစတင်၍ ထုတ်ယူခဲ့သောသတ္တုများသည် စီမံခန့်ခွဲမှုညံဖျင်းသော အစိုးရအဆက်ဆက်၏လက်ထက်တွင် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပျက်ဆီးမှုများကို နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ဒေသခံ ပြည်သူများသည် ရင်ဆိုင်ခံစားနေရပြီဖြစ်ပါသည်။
ဤမော်ချီးအကြီးစားခဲမဖြူနှင့်အဖြိုက်နက်သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းသည် လက်ရှိတွင် ကယားပြည်နယ် သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္မဏီလိမိတက်၏ အဓိကစီမံခန့်ခွဲမှုအောက်တွင်တည်ရှိပြီး စစ်တပ်၏ ဦးပိုင်ကုမ္မဏီလိမိတက်မှရင်းနှီးမြုပ်နှံပိုင်ဆိုင်သော ကုမ္မဏီတစ်ခုဖြစ်သည်။ လက်ရှိတွင် ရဲထွဋ်ကျော် သတ္တု တူးဖော်ထုတ်လုပ်ရေးကုမ္မဏီလိမိတက်မှ ကြီးကြပ်စီမံခန့်ခွဲနေသော စီမံကိန်းတစ်ခုဖြစ်သည်။ ဤစီမံကိန်းသည် အကျယ်အဝန်းအားဖြင့် (၇၀၁၄)ဧက ကျယ်ဝန်းသော စီမံကိန်းတစ်ခုဖြစ်ပြီး အငြိမ်းစား စစ်အုပ်စုအဖွဲ့ဝင်များမှ အစုရှယ်ယာပိုင်ရှင်အဖြစ် ပါဝင်ပတ်သက်ရင်းနှီးမြုပ်နှံထားသော စီမံကိန်းတစ်ခုဖြစ်သည်။ ရဲထွဋ်ကျော် သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္မဏီလိမိတက်၏ ဒါရိုက်တာသည် စစ်တပ်မှအငြိမ်းစားယူထားသော ဗိုလ်မှူး တစ်ဦးဖြစ်ပြီး မော်ချီးဒေသတစ်ခုလုံး၏ သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအပြင် မိမိကိုယ်ပိုင်သတ္တုတူး ဖော်ထုတ်လုပ်ရေးလုပ်ကွက်များဖြင့် တူးဖော်ထုတ်လုပ်သော သတ္တုလုပ်ငန်းများကိုပါ စီမံခန့်ခွဲရသောသူတစ်ဦး လည်းဖြစ်သည်။ ဤအကြီးစားသတ္တုတူးဖော်ထုတ်လုပ်ရေးဧရိယာအတွင်းရှိ သတ္တုလုပ်ကွက်များအတွင်းတွင် လုပ်ကိုင်နေကြသော ဒေသခံများသည် (Sub-contractors)များအဖြစ် ၎င်းတို့ထံမှတဆင့်လုပ်ကိုင်နေကြ သောသူများဖြစ်ပြီး ကုမ္မဏီမှသတ်မှတ်ထားသော အခွန်နှုန်းထားများအတိုင်း ပေးဆောင်၍ သတ္တုလုပ်ငန်းများကို လုပ်ကိုင်နေကြရ သောသူများဖြစ်သည်။
မော်ချီးဒေသရှိ ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ကယားပြည်နယ်သတ္တုတူးဖော် ထုတ်လုပ်ခြင်းကုမ္မဏီလိမိတက်နှင့် ရဲထွဋ်ကျော်သတ္တုတူးဖော်ထုတ်လုပ်ငန်းခြင်းလုပ်ငန်းတို့က အဓိကလုပ်ကိုင် နေကြသော်လည်း ဤသတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းတွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြင်ပမှတရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသအတွင်းမှ တနိုင်တပိုင်သတ္တုတူးဖော်ထုတ် လုပ်ကိုင်သူများနှင့် မော်ချီးဒေသမှဌာနေဒေသခံများနှင့် အခြားဒေသမှုလာရောက်လုပ်ကိုင်သူများမှလည်း နေ့စားလုပ်ကိုင်နေကြပါသည်။
သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းသည် မော်ချီးဒေသရှိ ဒေသခံဌာနေတ တိုင်းရင်းသားများအတွက် လတ်တလော နေ့စဉ်ဝင်ငွေအခွင့်အလမ်းကိုဖန်တီးပေးသည်သာမက အထူးသဖြင့် သတ္တုတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်သော ကုမ္မဏီများ၊ ၎င်းတို့နှင့်အကျိုးတူ ပူးပေါင်းပါဝင်လုပ်ဆောင်သောသူများ၊ အဖွဲ့အစည်းများတို့အတွက် ဝင်ငွေအခွင့်အလမ်းဖန်တီးပေးသော လုပ်ငန်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤသတ္တုတူးဖော်ထုတ်လုပ်ငန်းသည် အကျိုးစီးပွားရေးအရ ပါဝင်ပတ်သက် သော ကုမ္မဏီများ၊ ပုဂ္ဂလိကများနှင့် အဖွ့ဲအစည်းအသီးသီးတို့၏ ရောယှက်မှုသည် ရှုပ်ထွေးပြီး တစ်ခါတရံ ပြဿနာဖြေရှှုင်းရန်အတွက် အခက်အခဲများကိုဖြစ်ပေါ်စေပါသည်။
အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများနှင့် ဒေသခံဌာနတိုင်းရင်းတို့၏ အခွင့်အရေးထိခိုက်မှုတို့နှင့်ပတ်သက်ပြီး တာဝန်ယူတာဝန်ခံခြင်း၊ စနစ်တကျဖြေရှင်းခြင်း၊ ပြန်လည်ကုစားခြင်းများပြုလုပ်ရာတွင် အခက်အခဲများစွာဖြစ်ပေါ်စေခြင်း ဆေးမှီးတို ကုထုံးနည်းဖြင့်သာ အဆင်သလိုဖြေရှင်းနေကြသည်။ ထို့ကြောင့် စနစ်ကျသော ဖြေရှင်းသောယန္တရားမရှိခြင်း နှင့် တာဝန်ယူတာဝန်ခံသော စီးပွားရေးလုပ်ငန်းအလေ့အကျင့်များမရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးမှုများသည် အထိန်းအကွပ်မရှိဘဲ ဆက်လက်ဖြစ်ပေါ်ပြီး တာဝန်ယူတာဝန်ခံသော သူမရှိဘဲ ဆက်လက် ဖြစ်ပေါ်နေလျက်ရှိပါသည်။
မော်ချီးဒေသအတွင်း သတ္တုတူးဖော်ထုတ်လုပ်မှုနှင့်စပ်လျဥၤး၍ ယခင်က မော်ချီးသတ္တုမိုင်းဧရိယာအတွင်းရှိ လုပ်ကွက်အတွင်းတွင်သာ ဥမင်လိုင်ခေါင်းတူး၍ တူးဖော်ခဲ့ကြသော်လည်း ယခုအချိန်တွင် ထိုသတ္တုမိုင်းဧရိယာ အတွင်းတွင် သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို အဖွင့်တူးစနစ်ဖြင့်ကျယ်ပြန့်စွာတူးဖော်ခြင်းကို လုပ်ဆောင် နေသည်သာမက မော်ချီးသတ္တုမိုင်းဧရိယာပြင်ပတွင်လည်း အဖွင့်တူးစနစ်ဖြင့် ကျယ်ပြန့်စွာတူးဖော်ခြင်းကို ကျယ်ပြန့်စွာလုပ်ဆောင်နေကြသည်။
ထို့အပြင် ထိုအဖွင့်သတ္တုတူးဖော်ခြင်းကို ပြင်ပမှစီးပွားရေးလုပ်ငန်းရှင်များ အထူးသဖြင့် ပြင်ပမှတရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် ဒေသအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကျယ်ပြန့်စွာလုပ်ဆောင်လာကြသည်။ အကျိုးဆက်များအနေဖြင့် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများနှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆိုးရွာစွာ ထိခိုက်ပျက်ဆီးမှုများသည် ကြီးမားစွာ သက်ရောက်မှုများဖြစ်ပေါ်လျက်ရှိနေသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမှီအချိန်အထိ ကယား(ကရင်နီ)တွင် ပြည်ထောင်စုအစိုးရ၊ သယံဇာတနှင့် သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ရှိ သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုထားသော အကြီးစား၊ အလတ်စားနှင့် အသေးသတ္တုထူးဖော်ထုတ်လုပ်ခွင့်နှင့် စမ်းသပ်တူးဖော်ခွင့်ရရှိသောကုမ္မဏီစာရင်းမှာ ( ) ဖြစ်သည်။ ထိုအထဲမှ အချို့သော သတ္တုတူးဖော်ထုတ်လုပ်မှုနှင့်စမ်းသပ်ထုတ်လုပ်သော ကုမ္မဏီလုပ်ငန်းများသည် ဆက်လက် လုပ်ဆောင်မှုမရှိတော့သော်လည်း အချို့သော ကုမ္မဏီများသည် သတ္တုတူးဖော်ထုတ်လုပ်ခြင်းနှင့် စမ်းသပ်ရှာဖွေခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ တစ်ပြိုင်နက်တည်းတွင် ဒေသခံအာဏာပိုင်များနှင့် ချဉ်းကပ်၍ သတ္တုတူးဖော်ထုတ်လုပ်ခြင်းကို ဆက်လက်လုပ်ဆောင်နေသော ကုမ္မဏီ များလည်း ရှိပါသည်။
သို့သော် အထက်ပါကုမ္မဏီများ၏ သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတိကျသော မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများ၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကြောင့် ဆက်စပ်ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူ့အခွင့်အရေး ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများနှင့်ပတ်သက်သော တာဝန်ယူ တာဝန်ခံမှုနှင့် ပြန်လည်ကုစားရေး လုပ်ထုံး လုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများ၊ ၎င်းတို့ကို ထိရောက်စွာ ကြီးကြပ်အရေးယူဆောင်ရွက်မည့် အဖွဲ့အစည်း ဆိုင်ရာ ယန္တရားများကိုလည်း ရှင်းလင်းစွာ မတွေ့ရှိရပါ။
ဤအခြေအနေများသည် ယခင်စစ်အစိုးရအဆက်ဆက် လက်ထက်မှ အရပ်သားအစိုးရလက်ထက်ချိန်ထိတိုင် ဆက်လက်ဖြစ်ပွားနေပြီး လက်ရှိ စစ်တပ်အာဏာသိမ်း သည့်ကာလတွင် ပို၍ပင်စိုးဝါးနေပြီး အာဏာသိမ်းစစ်ကောင်စီမှ သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကို ၎င်းတို့၏ စစ်အုပ်ချုပ်ရေးယန္တရားတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံရေး အကျိုးစီးပွားအတွက် ဆက်လက်အသုံးပြု လျက်ရှိနေပါသည်။ ထို့ကြောင့် သတ္တုတူးဖော်ထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာချိုးဖောက်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှုဆိုင်ရာ ယန္တရားသည်လည်း အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများစွာ ဆက်လက်တည်ရှိနေပြီး ဖြစ်ပေါ်လာမည့် ဆိုးကျိုးသက်ရောက်မှုများ ကို သတ္တုတူးဖော်ထုတ်လုပ်မှုလုပ်ငန်းလုပ်ဆောင်ရာဒေသနှင့်အနီးဆုံးရှိ ဒေသခံဌာနတိုင်းရင်းသားများသည် ဦးစွာ ဆက်လက်ခံစားနေရဦးမည်ဖြစ်ပါသည်။ ဤသည်မှာ ဒေသခံဌာနေတိုင်းရင်းသားများကိုသာမက ကရင်နီပြည်တစ်ခုလုံးအပေါ်သို့လည်း စိန်ခေါ်မှုများစွာဖြစ်ပေါ်စေပြီး အနာဂတ်တွင်ကရင်နီပြည်၏ မြေနှင့် အရင်းအမြစ် စီမံခန့်ခွဲမှုအပေါ်သို့လည်းကြီးမားသော စိန်ခေါ်မှုများဖြစ်စေပါသည်။
ကယား(ကရင်နီ)ပြည်သည် အမျိုးသားတန်းတူရေးနှင့်ကိုယ့်ကြမ္မာကိုယ်ပြဌာန်းစီမံပိုင်ခွင့်တို့အတွက် အာဏာရှင် အဆက်ဆက်ကို ယနေ့ထိတိုင်နှစ်ပေါင်း (၇၀)ကျော် လက်နက်စွဲကိုင်ခုခံတော်လှန်နေသော ပြည်နယ်တစ်ခု ဖြစ်ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါက်ဖွားလာသော နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်နှင့်အတူ အာဏာရှှုင်စနစ်အပြီးတိုင် ပျက်သုန်းပပျောက်သွားရန်အတွက် တစ်နိုင်ငံလုံးနှင့်အတူ ရှေ့တန်းတပ်ဦးမှ ပါဝင်တိုက်ပွဲဝင်နေသောပြည်နယ်တစ်ခု လည်းဖြစ်သည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်ဆက်လက်လည်ပတ်နိုင်ရန် ဒေါက်တိုင်အဖြစ် ၎င်းတို့၏ဝင်ငွေ အရင်းအမြစ်များကို စီးဆင်မှု ဖြစ်စေမည့် သတ္တုလုပ်ငန်းများကို စိစစ်ခြင်း၊ ဟန့်တားခြင်း၊ ထိရောက်သောအရေးယူဆောင်ရွက်ခြင်းများကို ပြုလုပ်ရန်လိုအပ် ပါသည်။ ထိုအရင်းအမြစ်များကို အသုံးပြု၍ နွေဦးတော်လှန်ရေးနှင့်အတူ အာဏာရှင်စနစ် အဆုံးသတ်သွားရန်တိုက်ဖျက်မှုအတွက်နှင့် ဒေသခံဌာနေတိုင်းရင်းသားများနှင့် ပြည်နယ်ဖွံ့ဖြိုးမှုအတွက် လိုအပ် သော ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်ကုစားမှုများအတွက် စနစ်တကျ အသုံးချသွားနိုင်ရေးအတွက် အရေးပါ သော အခန်းကဏ္ဍတစ်ခုအဖြစ် တည်ရှိနေပါသည်။
Comments are Closed