နမ္မတူ-ရုရှားတောင်အနီး သတ္တုရိုင်းထုတ်လုပ်မှု စတင်၊ ကုမ္ပဏီနဲ့ အလုပ်သမားကြား မပြေလည်မှုတွေရှိနေ
Posted by: MMWN | Posted on: September 19, 2022ကိုဗစ် ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ ရှမ်းမြောက် နမ္မတူမြို့က သတ္တုထုတ်လုပ်ရေး လုပ်ငန်းကို လွန်ခဲ့တဲ့ ဧပြီလ ၁ ရက်ကစပြီး နမ္မတူ-ရုရှားတောင်အနီး သတ္တုရိုင်း ထုတ်လုပ်မှုကို လူဦးရေ (၉၀၀)ခန့်နဲ့ စတင်လုပ်ဆောင်နေသလို လုပ်ငန်းအတွင်း ပြဿနာအချို့ ရှိလာနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
နမ္မတူ-ဘော်တွင်း သတ္တုထုတ်လုပ်ရေးလုပ်ငန်းကို ဝင်းမြင့်မိုရ် ကုမ္ပဏီနဲ့ EAP Global Mining Company Limited တို့ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပြီး ရုံးပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လုံခြုံရေးဝန်ထမ်း၊ သတ္တုသန့်စင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ မြေအောက် သတ္တုတွင်း ထိန်းသိမ်းရေး၊ ဖောက်ခွဲရေး ယန္တရားအဖွဲ့နဲ့ လျှပ်စစ်ဓာတ်အားပေးအဖွဲ့ဆိုကာ လူဦးရေ (၉၀၀)ခန့်နဲ့ စတင်လုပ်ဆောင်လာနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်က စတင်ပြီး ရုရှားတောင်နဲ့ ၁ မိုင်ခန့် ကွာဝေးတဲ့ ၎င်းတို့ လုပ်ကွက်တစ်နေရာမှာ သတ္တုရိုင်းတွေ ထုတ်လုပ်ဖို့ တောင် ၃ လုံးရဲ့ ထိပ်ပိုင်းကို စတင်ဖြိုချလာနေတယ်လို့ နမ္မတူမြို့ခံတစ်ဦးက ရွှေဖီမြေကို အခုလို ပြောပါတယ်။
“အခု Myanmar Metals Limited (ဩစတျေးလျ)က ထွက်သွားပြီး ကျန်ကုမ္ပဏီ နှစ်ခုက ဆက်လုပ်နေတာလေ။ အခုဖြိုချနေတဲ့တောင်က ရုရှားတောင် မဟုတ်ဘူး။ ရုရှားတောင်နဲ့ တစ်မိုင်လောက်ဝေးတဲ့ သူတို့ လုပ်ကွက်တွေမှာ စနေကြတာ။ သတ္တုရိုင်းထုတ်ဖို့ တောင်ရဲ့ သတ္တုမရှိတဲ့ ထိပ်ပိုင်းမြေတွေကို ဝိတ်လျော့ဖို့ ဖြိုချနေတာပေါ့။ ပြီးကြမှ သတ္တုရိုင်းရှိတဲ့ တောင်အောက်ကို လှေကားထစ်တွေလို အဆင့်ဆင့်လုပ်ပြီး သတ္တုထုတ်ကြမှာပေါ့”
လက်ရှိမှာ သတ္တုရိုင်းထုတ်လုပ်မှု အရှိန်မြှင့်လုပ်ဆောင်နေသလို ၁ ပတ်အတွင်းမှာ သတ္တုရိုင်း တန်ချိန် ၄ သောင်းကျော်အထိထုတ်လုပ်နေပြီး စက်ရုံလည်ပတ်နိုင်ခြင်း မရှိသေးတဲ့ နမ္မတူ (၃၂)မိုင် စက်ရုံမှာ သတ္တုရိုင်းတွေကို စုပြုံထားပါတယ်။
တောင်ထိပ်ပိုင်း ဖြိုချမှုကြောင့် ဘော်တွင်းနဲ့ ကျားစခန်း ရပ်ကွက်ထဲကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပါ ပြိုကျပျက်စီးမှုတွေ ရှိလာနေပြီး လက်ရှိမှာ လူသွားလမ်းသာ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားသလို ကုမ္ပဏီနဲ့ အလုပ်သမားတွေကြားမှာ ပြသာနာအချို့ ရှိနေပါတယ်။
သတ္တုတွင်းကို မှီခိုနေရတဲ့ အလုပ်သမားတွေရဲ့ အခြေခံလစာဟာ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် (၄,၈၀၀)ကျပ်၊ ၁ ပတ်ကို အလုပ်ချိန် နာရီ (၄၀)နဲ့ တစ်လကို (၁၄၄,၀၀၀)ကျပ်သာ ရရှိပြီး ကုမ္ပဏီနဲ့ အလုပ်သမားတွေကြားမှာ မပြေလည်မှုတွေရှိနေတယ်လို့ အထက်ပါ မြို့ခံတစ်ဦးက ဆက်ပြောပါတယ်။
“ဝင်းမြင့်မိုရ် ကုမ္ပဏီက ခေါ်လာတဲ့ ဖားကန့်က သူ့အလုပ်သမားတွေကို ထမင်း ၃ နပ်ကျွေးတယ်။ နေရာထိုင်ခင်း လုပ်ထားပေးတယ်။ ဘော်တွင်းက အလုပ်သမားတွေကတော့ ထမင်းမကျွေးဘူး။ တချို့ ၁ နပ် ၂ နပ် စားရတယ်။ လစာဆိုလဲ အရင်ကအတိုင်းဘဲ ဖြစ်နေတုန်း။ ဒီအချိန်က အရမ်းခက်ခဲတာပေါ့။ ကုမ္ပဏီနဲ့ တိုင်ပင်မှုတွေရှိတယ်။ ဒါပေမဲ့ မရဘူး”
ဝင်းမြင့်မိုရ် ကုမ္ပဏီဟာ နမ္မတူ-ဘော်တွင်း သတ္တုထုတ်လုပ်ရေး လုပ်ငန်းကို ၂၀၁၀ ခုနှစ်ကစပြီး (၁၅)နှစ်ကြာ စာချုပ်ကို အစိုးရနဲ့ချုပ်ဆိုထားပြီးတော့ အဲဒီလုပ်ကွက်တွေထဲမှာ ဒေသခံတွေ အလည်အပတ်များကြတဲ့ နမ္မတူ-ရုရှားတောင်လည်း ပါဝင်နေပါတယ်။
#ရုရှားတောင်#သတ္တုထုတ်လုပ်ရေး#နမ္မတူ#ဘော်တွင်း
#ဓာတ်ပုံ– Local
Comments are Closed