ဥရုချောင်းပေါ်ရှိမိုးလင်းကျေးရွာအတွင်း ရွှေတူးဖော်မှုကြောင့် ဒေသခံများ၏လူ့အခွင့်အရေးချိုးဖောက်များ
Posted by: MMWN | Posted on: October 7, 2022နိဒါန်း
ခန္တီးခရိုင်၊ဟုမ္မလင်းမြို့နယ်အတွင်းတွင် ဥရုချောင်းနှင့်ချင်းတွင်းမြစ်ပေါ်ရှိ ရွှေတူးဖော်မှုကြောင့် ဒေသခံပြည်သူများ၏ မြေယာများစွာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေကြရသည်။
မိုးလင်းကျေးရွာသည် မာလုံကျေးရွာအုပ်စု၊ဟုမ္မလင်းမြို့နယ်၊ခန္တီးခရိုင်တွင်တည်ရှိသည်။ ၎င်းကျေးရွာသည် ဥရုချောင်းဘေးတွင်တည်ရှိပြီး ရွာဘေးပတ်လည်တွင် ထန်းတောများတည်ရှိသည်။ ထန်းတောတွင်ရွှေမျောများလုပ်ကိုင်နေကြပြီး ထန်းတောသည်လည်း ပျက်စီးနေပြီဖြစ်သည်။၎င်းကျေးရွာ၏ ထန်းတောမြေပေါ်တွင် ရွှေထွက်နှုန်းများကာ ဒေသခံများသည် ယခင်က ဥရုချောင်းဘေးတွင် ရွှေကိုတနိုင်တပိုင်သာရွှေကျင်ကြပြီး ၂၀၁၀ နောက်ပိုင်းတွင် ရွှေလုပ်ငန်းရှင်များသည် စက်ယန္တယားများအသုံးပြုလာကာ စတင်ပြီးရွှေတူးဖော်မှု ပြုလုပ်လာကြသည်။စက်ယန္တယားများ အသုံးပြုမှုများပြားလာသောကြောင့် တောရိုင်းပင်များ၊ ထန်းတောပင်များ ပျက်စီးမှုများလာကာ မြေစာပုံများသာကျန်ရစ်ပြီး သဘာဝပတ်ဝန်းကျင်သည် ယိုယွင်းပျက်စီးနေပြီဖြစ်သည်။
မိုးလင်းကျေးရွာသည်ဗမာတိုင်းရင်းသားနှင့်ရှမ်းနီတိုင်းရင်းသားများနေထိုင်သော ကျေးရွာဖြစ်သည်။ အိမ်ခြေအားဖြင့်(၄၅)အိမ်ရှိပြီး ကျေးရွာသူ/သားများသည် လယ်ယာမြေနှင့် တောင်ယာကိုအဓိကထားလုပ်ဆောင်ကြပြီး ရွှေတူးဖော်ကို တနိုင်တပိုင်သာလုပ်ကိုင်ကြသည်။ ၂၀၁၀ နောက်ပိုင်းတွင်စက်ယန္တယားများ အသုံးပြုလာကြသောကြောင့် ဒေသခံများ၏စားဝတ်နေရေးအတွက် မြေယာများထိခိုက်ကာ အခက်အခဲများကြုံတွေ့နေကြသည်။၂၀၁၅ (NLD) အစိုးရ လက်ထက်တွင်လည်း ရွှေတူးဖော်မှုကိုရပ်နားထားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင် နေကြသည်။ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းတွင် ရွှေတူးဖော်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြသည်။ ယခုတွင်ကျေးရွာအတွင်း ရွှေမျောပေါင်းခန့်မှန်းခြေအားဖြင့် (၁၈၀)ကျော်ရှိသည်။ကုမ္ပဏီအနေဖြင့် လုပ်ဆောင်နေသူ(၂)ဦးရှိပြီး ကုမ္ပဏီအမည်အားစုံးစမ်း၍မရပါ။အများစုမှာ တစ်ဦးတစ်ယောက်အမည် (သို့မဟုတ်) အုပ်စုလိုက်လုပ်ဆောင်နေကြသည်။မျောလုပ်ငန်းရှင်များသည် သက်ဆိုင်ရာဌာနများကို ၎င်းတို့အသုံးပြုသည့် စက်ပစ္စည်းအပေါ်မူတည်ပြီး စက်ကြီးအသုံးပြုမည်ဆိုရင် အုပ်ချုပ်ရေးဌာန၊ တာဝန်ကျရဲ၊ရှမ်းနီလက်နက်ကိုင် စသည်တို့ကိုနှစ်စဉ်ကြေး သိန်း(၅၀-၈၀)ပေးကြသည်။ စက်သေးအသုံးပြုမည်ဆိုရင် နှစ်စဉ်ကြေး သိန်း(၃၀-၅၀)ပေးကြရသည်။
မိုးလင်းကျေးရွာနေ ဒေသခံများ၏ ကြုံတွေ့ရသောအခက်အခဲ
မိုးလင်းကျေးရွာနေပြည်သူများသည် လယ်ယာမြေ၊တောင်ယာ၊ ပဲခင်း၊နှမ်းခင်း စသည်တို့ကို အဓိကထားလုပ်ကိုင်ကြသောကျေးရွာဖြစ်သည်။စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းနီလက်နက်ကိုင်၊ မျောလုပ်ငန်းရှင်များပူးပေါင်းကာလုပ်ကိုင်လာကြပြီး ကျေးရွာအတွင်းတွင်မြေပိုင်ရှင်များအား အတင်းအဓ္ဓမရောင်းချစေမှုများပြုလုပ်လာကြပြီး ၎င်းမြေပိုင်ရှင်များသည် မြေကိုမရောင်းချင်ပဲရောင်းချ ကြရသည်။ဒေသခံများသည် တိုင်ကြားရန်နေရာလဲမရှိဘူး၊တိုင်ကြားရမည့် ဌာနမှာလည်း ရွှေတူးဖော်မှုကို ဦးဆောင်ပြီးလုပ်ကိုင်နေကြသည်။ဒေသခံများသည် စစ်တပ်မှအာဏာသိမ်းပြီးနောက် ပိုမို၍လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေကြသည်။ ယခုတွင်မိုးလင်းကျေးရွာနေဒေသခံ ပြည်သူများသည် နေ့တဓူဝစားသောက်ရန်အခက်အခဲများ ကြုံတွေ့နေကြသည်။
မိုးလင်းကျေးရွာရှိ အမျိုးသမီးငယ်များကြုံတွေ့နေရသော အခက်အခဲ
မိုးလင်းကျေးရွာအတွင်းရှိ အမျိုးသမီးငယ်များသည် ရွှေမျောလုပ်သား၊လုပ်ငန်းရှင်များ၏ ထိပါးနှောင့်ယှက်မှုများခံနေကြသည်။ အချို့သောလုပ်ငန်းရှင်များမှာ ကျေးရွာအတွင်းရှိ အမျိုးသမီးငယ်များကို ထမင်းချက်ရန်ခေါ်ထားကြပြီး မျောလုပ်သားများမှ ခန္ဓာကိုယ်အား ထိပါးခြင်း၊ နှုတ်ဖြင့်ပြောဆိုစနောက်ခြင်း စသည်တို့ကိုပြုလုပ်ကြသည်။အမျိုးသမီးငယ်များမှာ ဖွင့်ပြောရန် အခက်အခဲများကြုံတွေ့နေကြပြီး စိတ်ပိုင်းဆိုင်ရာခံစားမှုများ ကြုံတွေ့နေကြသည်။လူငယ်အမျိုးသား များသည်လည်းအလုပ်အကိုင်အတည်တကျမရှိသောကြောင့် မျောတွင်သာအလုပ်လုပ်ကိုင်နေကြပြီး အများစုမှာ မူးယစ်ဆေးများသုံးစွဲကြပြီး မူးယစ်၏ကျေးကျွန်ဘဝရောက်ရှိနေကြသည်။
မိုးလင်းကျေးရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲ
ကျေးရွာအတွင်းရှိကိုယ်ဝန်ဆောင်အမျိုးသမီးအများစုသည် ရွာ၏ဘေးပတ်လည်ထန်းတောများတွင် မျောတိုက်ကြပြီးနောက် မျောမီးများဥရုချောင်းအတွင်းစီးဝင်လာမှုကြောင့် ရေချိုးရန်အခက်အခဲများ ရှိကြသည်။ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ၎င်းမျောမီးများ(ပြဒါး)ပါဝင်မှုများကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ကလေးမွေးရန်အခက်အခဲများဖြစ်ခြင်း၊ မွေးဖွားလာသည့် ကလေးသည်လည်း ကျန်းမာရေးချို့တဲ့မှုခံနေကြရသည်။
မှတ်ချက်။ ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနီလက်နက်ကိုင်(Shanni National Army) SNA သည်အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်းကာ ရွှေမျောလုပ်ငန်းရှင်များထံမှ အခွန်များအဆမတန် ကောက်ခံပြီး မျောတိုက်ရန်ရွှေမျောလုပ်ကွက်များရယူပြီး ရွှေတူးဖော်မှုကြောင့် ဒေသခံပြည်သူများ၏ အခွင့်အရေးများကို ချိုးဖောက်နေကြသည်။
Comments are Closed