ဟူးကောင်းဒေသရွှေတူးဖော်မှုဆိုင်ရာအချက်အလက်ကောက်ယူခြင်း

Posted by: | Posted on: October 6, 2022

ကချင်ပြယ်နယ်၊ တနိုင်းမြို့နယ်၊ ဝါရာဇွတ်အုပ်စု၊ ဂျဒူးဇွပ် ကျေးရွာဝန်းကျင်တွင် နေထိုင်သော ဒေသခံပြည်သူများသည် လွန်ခဲ့သော ၁၉၉၀ ဝန်းကျင်တွင် တနိုင်တပိုင်၊ လက်လုပ်လက်စား စတင်လုပ်ကိုင်ခဲ့ကြပြီး ၁၉၉၄ ခုနှစ်မှစ၍ အသေးစားလုပ်ငန်းများဖြင့်လုပ်ကိုင်ခဲ့သည်။ ၎င်းအသေးစား လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ၂၀၀၀ ဝန်းကျင်တွင် စက်ကြီးများ ဝင်ရောက်လာပြီးဖြစ်သည်။ စက်ကြီးများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်မည့် မြေနေရာများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ မြေနေရာ ပျက်စီးဆုံးရှုံးရခြင်း အကြောင်းအရင်းမှာ ဒေသခံပြည်သူများ၏ မြေယာများ၊ ရွာဧရိယာပိုင် မြေယာများကို နီးစပ်ရာ (EAO) များအနေဖြင့် ဒေသခံပြည်သူများနှင့် ညှိနှိုင်းတိုင်ပင်ခြင်း မရှိဘဲ မြေယာများကို လုပ်ငန်းရှင်များအား ရောင်းချပေးကြောင်းသိရသည်။ ရောင်းချပေးသည့် မြေနေရာများကို အထက်အမိန့်ဟုဆိုကာ ပြန်လည်သိမ်းယူသွားကြောင်း သိရသည်။ ၎င်းနစ်နာသွားသော ငွေကြေးများလည်း လုပ်ငန်းရှင်များထံ ပြန်လည်ပေးအပ်ခြင်း မရှိချေ။ ၎င်းတူးဖော်ခြင်းကြောင့် ရေ၊ မြေအရင်းအမြစ်များ ဆုံးရှုံးခဲ့ရပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်များလည်း ဆုံးရှုံးခဲ့ရသည်။ ၎င်းအရင်းအမြစ်များကြောင့် သား၊ ငါး တရိစ္ဆာန်များ ရှားပါးမှုများကြုံတွေ့ရသည်။

မြေဧကဝယ်ယူရာတွင် တစ်ဧကလျှင် ၂၅ သိန်းနှင့် ၃၅သိန်းဖြင့်ဝယ်ယူရကြောင်း၊ စက်သုံးဆီများ အခွန်အခ ပေးဆောင်ရာတွင် (KIO) အဖွဲ့အစည်းများက ဆီ၁ပေပါ ကျပ်ငါးသောင်း ပေးဆောင်ရပြီး၊ ပြည်သူ့စစ်အဖွဲ့များက ကျပ် လေးသောင်း ပေးဆောင်ရကြောင်း ဆန်နှင့်လူတစ်ဦးလျှင် ဝင်ကြေး ကျပ်ငါးထောင် ပေးဆောင်ရသည်။ နီးစပ်ရာရုံးအဖွဲ့အစည်းများအားလည်း ထပ်မံပေးဆောင်ရသည်။ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းသည် ယခင်က မြေယာများ လုပ်ကိုင်စားသောက်ကြပြီး ယခုအခါတွင် လုပ်ကိုင်စားသောက်မည့် မြေယာနည်းပါး သွားသည့်အတွက် အရောင်းအဝယ်ကိုသာ လုပ်ကိုင်စားသောက် နေကြရသည်။

            တဖန်၂၀၁၉ တွင် ဗမာစစ်တပ်ဖမ်းဆီးရေးအဖွဲ့ က လုပ်ငန်းရှင်များ၏ စက်ကြီးမုံဝိုင်းများ ပြန်လည်သိမ်းယူသည်။ ဒေသခံပြည်သူများ၏ အခက်ခဲကလည်း ပိုမိုဆိုးလာပြန်သည်။ ယခင်က အခွန်ကောက်ဂိတ်မှာ ထိုင်သည့် သူတစ်ယောက်သည် ယခုအချိန်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်ရပ်တည်၍ လက်နက်အင်အား၊ လူအင်အားနှင့် ပြည့်စုံနေပြီး ရွာအနီးမှာ စခန်းချကာ စစ်ရေးလေ့ကျင့်နေသည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ကြောင့် ဒေသခံပြည်သူများ အသက်မွေးဝမ်းကြောင်းပြုလုပ်ရာတွင် နိုင်ငံရေးအခြေအနေအရ လုံခြုံမှုမရှိသောကြောင့် သွားလာရန်ခက်ခဲနေကြသည်။ လက်နက်ကိုင်များ သွားလာလုပ်ရှားမှုများကြောင့် ပြည်သူများလည်း စိုးရိမ်၊ ထိန့်လန့်နေကြသည်။

စစ်ဆေးမေးမြန်းမှုများလည်း မကြာခန ဖြစ်တတ်သည်။ ခရီးသွားလာသူများအနေဖြင့် အသွားအလားသတိထားနေကြရသည်။ နိုင်ငံရေးအခြအနေ အရ စစ်ရေးတင်းမှာမှု၊ ပြင်ဆင်မှုများ ပြည်သူများစိုးရိမ်ထိန့်လန့်နေကြကာ ဘေးကင်းရာသို့ သိမ်းရှောင်သွားခြင်း၊ ရွှေ့ပြောင်းသွားခြင်းရှိသည်။ ၎င်းကိစ္စအတွက်ကြောင့် မိသားစုများ စားဝတ်နေရေး ပိုမိုခက်ခဲနေကြပြီး အချို့သော ပညာရေးကျောင်းများလည်း ပိတ်ထားရ၍ အချို့သော ကျောင်းသူ ကျောင်းသားများကလည်း ကျောင်းဆက်မတက်ရဲဘဲ ကျောင်းနားထားကြသည်။

ရွှေတူးဖော်ခြင်းစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ကျေးရွာဒေသခံများနှင့် သီသန့် တွေ့ဆုံခြင်းမရှိဘဲ (EAO) များအနေဖြင့် သံယံဇာတတူးဖော်ခြင်းလုပ်ငန်းများ ဆက် လက်လုပ်ကိုင်သွားကြသည်။ ထိခိုက်နစ်နာ သွားသော မြေယာကိစ္စများလည်း အချို့သောပိုင်ရှင်များက ကျေအေး သော်လည်း အချို့သော နစ်နာသူများမှာမူ ကျေနပ်ခြင်း မရှိပေ။ ထို့ကြောင့် လျော်ကြေးဟု မခေါ်ဝေါ်ပဲ နားလည်မှုဖြင့် ပြုလုပ်ပေးသော ကိစ္စများပင်ဖြစ်သည်။ လာဒ်ထိုးမှုများအနေဖြင့်အချို့သောလုပ်ငန်းရှင်များမှာ နီးစပ်ရာ အာဏာပိုင်များထံ တောင်းဆိုခဲ့ကြသည့် ဆိုင်ရာပိုင်ရာ လာဒ်ထိုးမှုများရှိသည်။ ငွေကြေးပိုင်ဆိုင်မှုများပြားသော လုပ်ငန်းရှင်များမှာ ငွေကြေး၊ ဂုဏ်များဖြင့် ဘန်းပြကာ ဆွဲဆောင်မှုပြုလုပ်ခြင်းဖြင့် မြေယာဧကများ တောင်းဆိုခဲ့သည်။

လက်ရှိရွှေဈေးသည် ၂၆ သိန်း နှင့် ၂၇ သိန်းကြားရှိနေသည်ကို တွေ့ရသည်။ စစ်ကောင်စီ အာဏာမသိမ်းမှီ ရွှေဈေးသည် ၁၀ သိန်းဝန်းကျင်သာ ရှိပြီး စစ်ကောင်စီ၏ ရွှေဈေးထိန်းချုပ်မှု အားနည်းမှုကြောင့် ရွှေဈေးတည်မြဲမှုမရှိဘဲ ယခုအခြေနေမှတော့ ၂၆ နှင့် ၃၀ ကြား အတက်အကျဖြစ်နေသည်ကိုတွေ့ရသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ငွေကြေးဖောင်းပွာလာပြီးလုပ်ငန်းရှင်များသာမက သာမန်လူတန်းစားများလည်း ငွေကို လက်ဝယ်ထားမည့်အစား ရွှေကိုသာ စုဆောင်းထားကြသည်။

လက်ရှိအနေအထားမှာ အလုပ်အကိုင်ရှားပါးမှု အသွားအလာခက်ခဲမှု၊ စီးပွားရေးများ ကြပ်တည်းလာပါသည်။ ချက်ချင်းငွေပေါ်နေနိုင်သော အလုပ်ကိုင်ဆိုလျှင် ရွှေတူးဖော်ခြင်းဖြစ်သည့်အတွက် တနိုင်တပိုင်လုပ်ယုံမကဘဲ လုပ်ငန်းရှင်အများစုကလည်း စီးပွားအဖြင့်လုပ်ကိုင်လာကြောင်းတွေ့ရသည်။ အခြားသော ကျောက်တူးခြင်း၊ ပယင်းတူးဖော်ခြင်း လုပ်ငန်းများကတော့ ယခုအချိန်တွင် စီးပွားရေးအဖြင့်လုပ်ကိုင်နေမှုအခြေအနေ နည်းပါးသောကြောင့်တွေ့ရသည်။





Comments are Closed