ရွှေကူမြို့ ကျွန်းတော်ဘုရားကျွန်းအထက်ဘက် ဧရာဝတီမြစ်အတွင်း ရွှေကျင်နေမှုအား သံဃာတော် တစ်ရာခန့်နှင့် လူဦးရေ တစ်ရာခန့်မှ စက်လှေအစီးနှစ်ဆယ်ခန့်ဖြင့် သွားရောက်ဆန္ဒပြ မောင်းထုတ်
Posted by: MMWN | Posted on: August 11, 2022ရွှေကူမြို့ ကျွန်းတော်ဘုရားကျွန်းအထက်ဘက် ဧရာဝတီမြစ်အတွင်း ရွှေကျင်နေမှုအား သံဃာတော် တစ်ရာခန့်နှင့် လူဦးရေ တစ်ရာခန့်မှ စက်လှေအစီးနှစ်ဆယ်ခန့်ဖြင့် သွားရောက်ဆန္ဒပြ မောင်းထုတ်ကြောင်း သိရသည်။
သြဂုတ် ၁ ရက် နေ့လယ် ၂ နာရီခန့်က ရွှေကူမြို့၊ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဦးနာဂိန္ဒ၊ မင်္ဂလာ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးသိရိန္ဒ ဦးဆောင်သော သံဃာတော်အပါး တစ်ရာခန့်နှင့် ဒါယကာ၊ ဒါယိကာမ တစ်ရာခန့်တို့သည် ရွှေပေါ်ကျွန်းစေတီတော်အထက်ဘက်နှင့် ဝန်းကျင်တွင် တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေများဆီသို့ စက်လှေအစီး နှစ်ဆယ်ခန့်ဖြင့် သွားရောက်ကာ ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ‘ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ သာသနာ မပျောက်ပျက်ရေး ဒို့အရေး၊ သာသနာကျွန်းမြေ မပျက်စီးရေး ဒို့အရေး၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဒို့အရေး၊ ရွှေကူမြို့ရဲ့ သာသနာ ဒို့သာသနာ’ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ဒေသခံတစ်ဦးက “မောင်းထုတ်ပြန်၊ ပြန်လာပြန် အကြိမ်ကြိမ်ရှိနေပြီ။ အခုပြန်တူးနေကြတာက လေးရက်လောက်ရှိပြန်ပြီ။ ဘုရားအထက်က ကျောက်ရိုးလိုင်းက ဘုရားကျွန်းအထက်မှာ မြစ်ထဲငုတ်သွားတယ်။ ဒေသခံတွေကတော့ အဲဒါကို ဘုရားကျွန်းကို ကျောက်ကြိုးနဲ့ ဆွဲထားတယ်ပေါ့ဗျာ။ အဲဒီနေရာက ကျောက်ခုံရိုးတန်ကြီးဖြစ်နေတာ။ ရွှေက အဲဒီကျောက်ကြိုးနားမှာ အကြီးအကျယ်ရကြတာ။ ဘယ်သူမှ မတားနိုင်။ ဘယ်အဖွဲ့အစည်းမှ မတားချင်ဖြစ်နေတော့ ဒေသခံသံဃာတွေက စိတ်ဆင်းရဲကြတော့ အခုလို ရုတ်တရက် လူစုပြီး ဆန္ဒပြမောင်းထုတ်တာပေါ့လေ။ အများစုကတော့ ထွက်သွားကြပြီ။ ငါးဘတ်ဝရွာ၊ သင်္ဘောကျင်းရွာတွေ ကပ်ပြီး အခြေအနေစောင့်တဲ့ စက်လှေတွေလည်း ရှိသေးတယ်။ ဒီအတိုင်းတာ ပစ်ထားရင် ဘုရားကျွန်းလည်း ပျောက်နိုင်တယ်။ ရွှေကူမြို့အပါအဝင် မြစ်ဘေးရွာတွေ ကမ်းပြို ပျက်စီးနိုင်တယ်လေ။ ကျောက်ခုံဖယ်လိုက်တာနဲ့ ရေလမ်းက ဘုရားရောက်သွားမယ်လေ” ဟု ပြောကြားသည်။
ရွှေမော်စက်လှေများနှင့် နီးစပ်သူတစ်ဦးက မောင်းခွင့်ရရန်အတွက် မုန်စုပ်စက်၊ မြစ်ထဲမှသဲကျောက် စုတ်ယူသည့်စက် အကြီးအသေးပေါ်မူတည်ကာ ငွေကောက်ခံနေကြောင်း၊ ၁၂ လက်မ ဝင်ထွက်ဗြုန်းအိုးဖြစ်ပါက တစ်လလျှင် ကျပ်သိန်း ၁၂၀၊ ၁၀ လက်မဖြစ်ပါက ကျပ်သိန်း ၁၀၀၊ ရှစ်လက်မ ဖြစ်ပါက ကျပ်သိန်း ၈၀ ကောက်ယူကြောင်း၊ ရွှေမျှောမောင်းရမည်ဆိုပါက တစ်ပတ်ကြိုတင် ငွေပေးသွင်းကြရကြောင်း၊ လက်နက်အဖွဲ့များနှင့် အစိုးရအုပ်ချုပ်သူများထံ ဆတူပေးကြရကြောင်း ပြောကြားသည်။
ရွှေကူမြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်းတွင် ၂၀၀၂ ခုနှစ်က မြစ်အတွင်း ရွှေဖောင်ဖြင့် ရွှေကျင်သည့် လုပ်ကွက်များ ချပေးခဲ့မှုရှိသော်လည်း ယင်းရွှေပေါ်ကျွန်းဘုရားတည်ရှိရာ ရေလည်ကျွန်းကို ချန်လှပ်ခဲ့ကြောင်း၊ ယခုအကြိမ်တွင် ယခုလိုတွေ့ကြုံရသည်မှာ ဒေသခံများနှင့် ဗုဒ္ဓဘာသာဝင်တို့အတွက် ဝမ်းနည်းစရာကောင်းကြောင်း ရွှေကူဒေသခံများက သတင်းဌာနများသို့ အကြိမ်ကြိမ်တိုင်ကြားခဲ့ကြသည်။
ရွှေကူမြို့ခံ တစ်ဦးက “အရင်ကတော့ မြစ်ကြောင်း အဲလောက်ထိမယ်မထင်ဘူး။ အခုရေစုပ်စက်ကြီးတွေက တစ်ပေ၊ ဆယ်လက်မကို ကားအင်ဂျင်နှင့် တပ်ပြီးစုပ်တာ။ ကျောက်ခုံကြီးတွေ နေ့ချင်း၊ ညချင်း ပါသွားတယ်ဗျ။ အခုလိုစက်ကြီးတွေအစင်း ရာဂဏန်းဆိုရင် ဧရာဝတီမြစ်ကြောင်းကို အပြင်မှာ တကယ်ရွေ့လို့ရတယ်” ဟု ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် လအနည်းငယ်အကြာတွင် ဧရာဝတီမြစ်ကြောင်းအတွင်း တရားမဝင်ရွှေတူးသူများဖြင့် ပြည်နှက်သွားခဲ့သည်။ လက်ရှိတွင် မြစ်ကြီးနားမြို့အထက်ပိုင်း၊ မြစ်ဆုံဝန်းကျင်၊ မြစ်ကြီးနားမြို့နှင့် ဆင်ဘိုမြို့ကြားတွင် ထောင်နှင့်ချီသော ရွှေတူးသည့် ဘာလီ(စစ်လှေပေါ်တွင် ရှစ်လက်မ၊ ဆယ်လက်မ ဗြုန်းအိုးဖြင့် မျှောတိုက်ကာ ရွှေကျင်သည့်စက်လှေ)များ၊ စက်လှေငယ်များဖြင့် ရွှေကျင်သူများ၊ ကမ်းပါးမျှောတိုက်သူများ ရှိနေဆဲဖြစ်သည်။
ဘာလီရွှေဖောင်များ လပိုင်းအတွင်း အလွန်အကျွံများလာခြင်းမှာ ယခင်ခရီးသည်ယာဉ်များပြေးဆွဲသည့် ရှပ်ပြေးမော်တော်ယာဉ်များမှာ အလုပ်မရှိသဖြင့် ဘာလီရွှေဖောင်အဖြစ် အသွင်ပြောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“ရှပ်ပြေးပေါ် နောက်ထက်စက်တစ်လုံး၊ ပိုက်တစ်လုံးနဲ့ မျှောတိုလေး တင်လိုက်ရင် ရွှေဖောင်ဖြစ်သွားပြီလေ။ အသစ်ဝယ်မယ်ဆိုရင် ကျပ်သိန်း ၄၀၀ ဝန်းကျင်က ပြေးမလွတ်ဘူး။ ရှပ်ပြေးပိုင်ရှင်တွေလည်း သုံးလ၊ လေးလမှာ ခရီးတစ်ကြောင်း ထွက်ရတော့ ငတ်နေကြပြီ။ အခုကြတော့ ရွှေကတစ်ရက် ၂ ကျပ်သားလောက်ရတော့ သက်ဆိုင်ရာကို စုပြီး များများပေးထားတော့ နေ့ည မောင်းနေကြရတာ။ ကျနော်တို့ ဗန်းမော်မှာတော့ ရှပ်ပြေးမော်တော်အားလုံးလောက်ကို ရွှေဖောင်ဖြစ်သွားတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဧရာဝတီမြစ်အတွင်း စက်ဖောင်အကြီးစားများ၊ စက်ဖောင်အငယ်စားများဖြင့် ရွှေကျင်မှုများကြောင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးမြေများဧက ရာနှင့်ချီကာ ဆုံးရှုံးခဲ့ရမှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ပြည်နယ်လွှတ်တော်တွင် တင်းသွင်းခဲ့သည်။