ရုရှားက စက်သုံးဆီသွင်းမည့် ကော်မတီ ဒုဗိုလ်ချုပ်ကြီး ညိုစော ဦးဆောင် ဖွဲ့စည်း

Posted by: | Posted on: August 18, 2022

ဧရာဝတီ၊ ဩဂုတ် ၁၆၊ ၂၀၂၂

အာဏာသိမ်း စစ်တပ်၏ စီးပွားရေး လုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ညိုစော ဦးဆောင်ပြီး ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင် ကော်မ တီကို ဩဂုတ် ၁ ရက်၌ စစ်ကောင်စီက ဖွဲ့စည်းလိုက်သည်။

ထို ဦးဆောင်ကော်မတီအား ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး စွမ်းအင်ဝန်ကြီး ဌာန ဒုဝန်ကြီး ဦးသန့်စင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်း နှင့် ဦးတင်ရဲဝင်း (ညွှန်ကြားရေးမှူး) တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြသလို ဦးရွှေမော် (ညွှန်ကြားရေးမှူးချုပ်) ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန က အတွင်း ရေးမှူးနှင့် ဦးမောင်မောင်ကျော် (အထွေထွေမန်နေဂျာ) မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက တွဲဖက် အတွင်း ရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ပြင် စစ်တပ်ပိုင် Star High ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးလှဝင်း၊ Brighter Energy ကုမ္ပဏီမှ ဒါရိုက်တာ ဦးဆန်းနောင်၊ Best Oil ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းဆွေ နှင့် Yetagon Energy ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင် တို့ကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ထားကြသည်။

ထိုအထဲမှ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်နိုင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား ဖြစ်သူ ဦးအောင်ပြည့်စုံအတွက် စီးပွားရေးလုပ်ငန်းများကို ရှေ့ထွက် လုပ်ဆောင်ပေးသူတဦးဖြစ်ပြီး Brighter Energy သည် ကမ္ဘောဇလုပ်ငန်းစု (KBZ) လုပ်ငန်းခွဲတခုဖြစ်ကာ Best Oil ကုမ္ပဏီသည် BOC အမည်ဖြင့် စက်သုံးဆီ လက်လီလက်ကားလုပ်ငန်း လုပ်ဆောင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများ ဖြစ်သည်။

အဆိုပါ ရုရှားနိုင်ငံက စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီသည် နိုင်ငံအတွက်လိုအပ်သော စက်သုံးဆီများကို ရုရှားနိုင်ငံမှ မှာယူတင်သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်း၊ လစဉ် လိုအပ်သော နိုင်ငံခြားငွေပမာဏအား နိုင်ငံတော်သို့ တင်ပြတောင်းခံရန်၊ သိုလှောင်ထားသော စက်သုံးဆီများကို စစ်တပ်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေး အစရှိသည့် လုပ်ငန်းဆောင်ရွက်များကို အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီ အုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ဦးအောင်မြင့် (Lucky Star) တို့ အပါအဝင် လုပ်ငန်းရှင်တချို့ ပူးပေါင်းပြီး ကုမ္ပဏီထောင်ကာ ရုရှားနိုင်ငံမှ စက်သုံးဆီများကို တင်သွင်း ရောင်းချသွားရန် စီစဉ်နေသည့် သတင်းကို ဧရာဝတီက ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကလည်း သတင်း ဖော်ပြထားပြီး ဖြစ်သည်။

ပုံစာ- ဆီပြတ်လပ်ပြီဟုဆိုထားသည့် စက်သုံးဆီအရောင်းဆိုင်တချို့ကို လိုက်လံ စစ်ဆေးနေစဥ် (ဓာတ်ပုံ- CJ)





Leave a Reply

Your email address will not be published. Required fields are marked *