စစ်ကိုင်းမြို့ ဘော်ဂါကျောက်ဝိုင်းအား ဖောက်ခွဲမည်ဟူသော ခြိမ်းခြောက်စာကြောင့် အရောင်းဆိုင်များပိတ်သိမ်း
Posted by: MMWN | Posted on: August 22, 2022စစ်ကိုင်းမြို့ ဘော်ဂါကျောက်ဝိုင်းအား သြဂုတ် ၂၂ ရက်နေ့ ရက်စွဲဖြင့် ဖောက်ခွဲဖျက်ဆီးရေးပြုလုပ်မည်ဟူသော ခြိမ်းခြောက်စာပစ်ခံရ၍ ဆိုင်များပိတ်သိမ်းခဲ့ကြကြောင်း သိရှိရသည် ။
ဖောက်ခွဲဖျက်ဆီးမည်ဟုသော ပစ်စာမှာ စာရွက်ဖြူ ပေါ်တွင် ဆော့ပင်အနီဖြင့် ရေးသားထားခြင်းဖြစ်ပြီး ” ဘော်ဂါကျောက်ဝိုင်း ရောင်းဝယ်သော ညီအစ်ကို မောင်နှမများအား သတိပေးအပ်ပါတယ် ။ သြဂုတ်လ ၂၂ ရက်(ယနေ့) တွင် ဘော်ဂါကျောက်ဝိုင်း ဖောက်ခွဲဖျက်ဆီးမည်ဖြစ်ပါ၍ သတိပေးအပ်ပါတယ် ” ဟု ရေးသားထားပြီး ပုံ – ဗိုလ်ယက္ခ ဟု ပါရှိခဲ့သည် ။
ယင်းသို့ ခြိမ်းခြောက်စာ ပစ်ခံရ၍ ကျောက်ဝိုင်းတွင် ဆိုင်များ ပိတ်သိမ်းခဲ့ကြခြင်းနှင့်ပတ်သက်၍ ကျောက်ပုတီးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက
“” စစ်ကိုင်းကျောက်ဝိုင်းက ပုံမှန်ဆို မနက် ၇ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ အရောင်းအဝယ်လုပ်ကြတယ် ။ ကနေ့တော့ ဖောက်ခွဲမယ်ဆိုတဲ့ စာပစ်သွားလို့ ဆိုင်တွေလည်း မဖွင့်တော့ပဲ ပိတ်ကြ ၊ ကျောက်သမားတွေလည်း ပြန်ကြတာပေါ့ ။ ခုရက်ပိုင်း အရောင်းအဝယ်မဖြစ်ကြပေမယ့် ကျောက်ဝိုင်းကတော့ မနက်ဆို ရောင်းသမား ဝယ်သမားနဲ့ စည်တယ်လို့ ပြောလို့ရတယ် ။ စျေးကွက်ကတော့ မကောင်းတာ ကြာပြီ ။ အဲ့ဒီပစ်စာက ကနေ့ရက်စွဲနဲ့ဆိုတော့ နောက်နေ့တွေတော့ ပုံမှန်ပြန်ဖွင့်ကြမယ် ထင်တာပဲ ” ဟု ပြောကြားခဲ့သည် ။
သို့သော်လည်း ယင်းကဲ့သို့ ဖောက်ခွဲမည်ဟုသော ခြိမ်းခြောက်စာမှာ အတု သာဖြစ်ပြီး ဗိုလ်ယက္ခ အမည်အား အလွဲသုံးကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရှိရသည် ။