တရုတ်နှင့် ထိုင်းနိုင်ငံကို ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ တစ်နှစ်လျှင် ဒေါ်လာ ၂ ဘီလီယံခန့် ဝင်ငွေရနေ
Posted by: MMWN | Posted on: August 22, 2022မြန်မာနိုင်ငံက ထွက်ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတို့ထံ တင်ပို့ရောင်းချမှုကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရရှိနေတယ်လို့ နိုင်ငံပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး AP သတင်းဌာနက ရေးပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံအပြောင်းအလဲ ဖြစ်စဉ်နောက်ပိုင်း ပြင်သစ်နာမည်ကြီးစွမ်းအင်ကုမ္ပဏီ Total နှုတ်ထွက်သွားခဲ့ပြီး မလေးရှားအခြေစိုက် PETRONAS ၊ ဂျပန်ကုမ္ပဏီ ENEOS တို့အပြင် ဩစတေးလျစွမ်းအင်လုပ်ငန်း Woodside ကလည်း နိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်လိုခြင်းမရှိကြောင်း အသိပေးထားပါတယ်။
လက်ရှိ ရခိုင်ကမ်းလွန်က ရွှေဓာတ်ငွေ့စီမံကိန်းကို ဦးဆောင်နေတဲ့ POSCO ကတော့ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ပြောကြားထားပြီး အဆိုပါ စီမံကိန်းအတွင်း POSCO က ၅၁ ရာခိုင်နှုန်း၊ တောင်ကိုရီးယားအစိုးရပိုင် KOGAS က ၁၇ ရာခိုင်နှုန်း၊ MOGE (မြန်မာ) က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီတွေဖြစ်ကြတဲ့ ONGS နဲ့ GAIL တို့ ၈.၅ ရာခိုင်နှုန်းစီ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပါတယ်။ရွှေဓာတ်ငွေ့တွင်းက ထွက်ရှိတဲ့ အရင်းအမြစ်တွေကို ၄၇၅ မိုင် ရှည်လျားတဲ့ ပိုက်လိုင်းကတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေပြီး ဓာတ်ငွေ့ရောင်းရငွေကို ယူရိုငွေကြေးနဲ့ ပေးချေဖို့ သဘောတူစာချုပ် ချုပ်ဆိုသဘောတူထားတဲ့ တစ်ခုတည်းသော စီမံကိန်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဥရောပသမဂ္ဂ (အီးယူ) က MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီးနောက် စာချုပ်အရ ယူရိုနဲ့ ပေးချေနေရတဲ့ POSCO အနေနဲ့ MOGE ထံ တရုတ်နိုင်ငံပိုင်ဘဏ်ကတစ်ဆင့် ငွေပေးချေမှု ပြုလုပ်မရတော့ကြောင်း သိရှိရပါတယ်။
ထိုအခြေအနေနဲ့ ရင်းနှီးသူနှစ်ဦးက MOGE ထံ ယူရိုငွေနဲ့ ပေးချေမှုတွေကို အာမခံအကောင့်တွေမှာ သိမ်းဆည်းထားကြောင်း AP သတင်းဌာနကို အတည်ပြုခဲ့ပြီး အီးယူရဲ့ ပိတ်ဆို့မှုကြောင့် ယူရိုငွေနဲ့ ပေးချေရမယ်ဆိုတဲ့ သဘောတူညီချက်ကို ဖောက်ဖျက်မှာကို စိုးရိမ်တာကြောင့် တရုတ်ဘဏ်ကို အကြံပေးခဲ့တာလို့ ဆိုကြပါတယ်။
POSCO ဘက်ကတော့ ထိုငွေတွေကို သီးခြားအကောင့်တစ်ခုကို ပေးဆောင်ထားကြောင်း အတည်ပြုခဲ့ပြီး အခြားအစုရှယ်ယာပါ ကုမ္ပဏီတွေရဲ့ ငွေပေးချေမှု အခြေအနေကိုတော့ မှတ်ချက်မပေးလိုကြောင်း တုံ့ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံကလည်း မြန်မာ့စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ စီစဉ်နေကြောင်း နီးစပ်သူ အမေရိကန်အရာရှိအချို့ရဲ့ ပြောကြားချက်အရ သိရှိရပြီး ပိတ်ဆို့မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို လာမယ့်လအတွင်း ကြေညာနိုင်ဖွယ်ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။