Error loading images. One or more images were not found.

ဒေသခံများကန့်ကွက်နေသည့်ကြားမှ ဧရာဝတီမြစ်တွင် တရားမဝင်ရွှေတူးဖော်နေသော ရွှေဖောင်ပိုင်ရှင်များကို ဒေသခံ PDF တပ်ဖွဲ့က ကြိမ်ဒဏ်ပေး

Posted by: | Posted on: August 11, 2022

ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သင်္ဘောအင်းရွာအနီး ဧရာဝတီမြစ်တွင် တရားမဝင် ရွှေတူးဖော်နေသော ရွှေဖောင်ပိုင်ရှင်များအား ယမန်နေ့ ညနေ ၅ နာရီခန့်က ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ကချင်ပြည်နယ် ရွှေကူမြို့နယ် သင်္ဘောအင်းရွာအနီး ဧရာဝတီမြစ်တွင် တရားမဝင် ရွှေတူးဖော်နေကြသော ရွှေဖောင်တာဝန်ရှိသူများကို PDF တပ်ဖွဲ့မှ ခေါ်နေသော်လည်း လာရောက်ခြင်းမရှိသည့်အတွက် သေနတ်ပစ်ဖောက်ကာ ခေါ်ခဲ့ရကြောင်းကြောင်း KPDF မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။“သူတို့က သ‌င်္ဘာအင်း(ကျေးရွာ) အရှေ့ဘက်ကမ်းမှာ ရွှေကိုမော်တော်တွေနဲ့ လုပ်(တူး)နေကြတယ်။ မော်တော်ခေါ်ကပ်တယ် ခေါ်ကပ်တော့မကပ်ဘူး။ အဲ့တာကြောင့် သူတို့ကိုလက်နက်ငယ်နဲ့ ပစ်ဖောက်ပြီးခေါ်ကပ်တယ် ။ ဒါလဲ မကပ်ပါဘူး။ အဲ့မှာ ရွာနားမှာကပ်ထားတဲ့ ရွှေမော်တော်က ပိုင်ရှင်လူတွေကို ခေါ်တယ် မေးမြန်းတယ်။ ကြိမ်တုတ်နဲ့ရိုက်တယ်” ဟုပြောသည်။

ရွှေတူးဖော်နေကြသည့် ရွှေဖောင်ပိုင်ရှင် စုစုပေါင်း ၁၀ ဦးထက်မနည်းအား မြို့လှ KPDF အရံအင်အားနှင့် ဗိုလ်မိုးကြိုးအဖွဲ့မှ ကြိမ်ဒဏ် ၁၅ ချက်ပေးခဲ့ကြောင်းသူကပြောသည်။၊ သေနတ်ပစ်ဖောက်သံကြားသော သင်္ဘောအင်းရွာတဖက်ကမ်းရှိ ငါးဘတ်ဝရွာဘက်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိရာဘက်သို့ လက်နက်ကြီးဖြင့် ၆ ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း သူကဆက်ပြောသည်။”ကျွန်တော်တို့လက်နက်ငယ်နဲ့ ပစ်ဖောက်တော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းထုတယ်။ ကျွန်တော်တို့ သင်္ဘောအင်းရွာမှာ ရှိနေလို့။ လက်နက်ကြီးအမျိုးအစားက ၆၀ မမပေါ့။ ထိခိုက်မှုတော့ ဘာမှမရှိဘူး” ဟုပြောသည်။

ထိုကဲ့သို့ PDF တပ်ဖွဲ့ဝင်များက တရားမဝင် ရွှေတူးဖော်သူများကို ကြိမ်ဒဏ်မပေးမှီ အစောပိုင်း နေ့လယ် ၂ နာရီခန့်က ဧရာဝတီမြစ်တွင်း ရွှေတူးဖော်နေခြင်းအား ကန့်ကွက်ရန်အတွက် ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားသောင်ဦးတွင် ရွှေကူမြို့မပရိယတ္တိစာသင်တိုက်မှ သံဃာတော်များနှင့် ဒေသခံများမှ ရွှေဖောင်များအနီးတွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။အာဏာသိမ်းပြီးသည့်အချိန်မှစပြီး ရေမော်တော်ယာဉ်များဖြင့် ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေတူးဖော်ခြင်း လုပ်ဆောင်နေခြင်းဖြစ်ကာ ရွှေလုပ်ငန်းရှင်များမှာ အခြားဒေသမှ စီးပွားရေးလုပ်ငန်းရှင်နှင့် ရွှေကူမြို့နယ်၊ ဘိုကုန်းကျေးရွာမှသူများမှ လာရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တရားမဝင် ရွှေဖောင် အစီးရေ စုစုပေါင်း ၃၀ ဝန်းကျင်ခန့်ရှိပြီး ရွှေဖောင်များမှ ထွက်ပေါ်လာသော ဆူညံသံများကြောင့် ဒေသခံများ စိတ်အနှောက်အယှက်ဖြစ်နေကြောင်းသိရသည်။Photo – CJ





Leave a Reply

Your email address will not be published. Required fields are marked *