ပေါက်တော မြေငူကျွန်း ပင်လယ်ပြင်တွင် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေ

Posted by: | Posted on: August 11, 2022

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်း၊ ဝါးလမ်းကုန်းကျေးရွာ၏ ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ပြင်တွင် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေမှုကြောင့် ဒေသခံများစိုးရိမ်လျှက်ရှိနေကြသည်။ယနေ့ ဇူလိုင် ၉ ရက်နေ့ ညနေ ၄ နာရီက စတင်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ညနေ ၇ နာရီအထိ အဆိုပါ ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ပြင်တွင် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေကြောင်း ဝါးလမ်းကုန်းကျေးရွာ၏ ကမ်းခြေတွင်နေထိုင်သည့် မျက်မြင်ဒေသခံတစ်ဦးက Western News ကိုပြောသည်။”ဒီနေ့ ညနေ ၄ နာရီခွဲလောက်နေပြီးတော့ စဖြစ်တာဗျ။ ကမ်းခြေတစ်လျှောက်နဲ့ပင်လယ်ပြင်မှာ အဖြူရောင်အမြှုပ်တွေဖြစ်ပေါ်နေတာပါ။ ညနေ ၇ နာရီအချိန်အထိ အဖြူရောင်အမြှုပ်တွေက ပျောက်မသွားဘူး။ ကျနော်တို့က ဘာဖြစ်တယ်ဆိုလည်းမသိဘူး”ဟုပြောသည်။ဝါးလမ်းကုန်းကျေးရွာမှ အသက် ၅၀အရွယ်လူကြီးတစ်ဦးက ယခုကဲ့သို့ ပင်လင်ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ပြင်ပေါ်တွင် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေခြင်းကို ပထမဦးဆုံးတွေ့မြင်ဖူးခြင်းဖြစ်ပြီး လူနှင့်တိရိစ္ဆာန်များအန္တရာယ်ဖြစ်မည်ကို စိုးရိမ်ကြောင်း Western News ကိုပြောသည်။

ယခုကဲ့သို့ ပင်လင်ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ပြင်ပေါ်တွင် အဖြူရောင်အမြှုပ်များကို ကလေးငယ်တစ်ချို့က ဆော့ကစားနေသည်ကို တွေ့မြင်ရပြီး ညနေ ၇ နာရီအထိ အဖြူရောင်အမြှုပ်များ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။ပြီးခဲ့သည် ၂၀၁၉ ဒီဇင်ဘာ လဆန်းပိုင်းက အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ မာရီနာကမ်းခြေတစ်ခုတွင် ရောနှောပါဝင်နေသည့် ညစ်ညမ်းပစ္စည်း (pollutants) များကြောင့် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်ခဲ့သည်။ရခိုင်ကမ်းရိုးတန်းရေပြင်တွင် စစ်ကောင်စီက နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးစွမ်းရည်မြင့်မားစေရန်အတွက် စစ်ကောင်စီ၏ ရေတပ်မှ ရေငုပ်သင်္ဘောစစ်ရေယာဥ် နှစ်စင်း၊ တစ်ခြားစစ်ရေယာဥ်များ၊ ရဟတ်ယာဥ်များဖြင့် စစ်ရေးလေ့ကျင့်လျက်ရှိသည်။အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၅ ရက်နေ့ကစတင်ခြင်းဖြစ်ပြီး ပထမအဆင့်အနေဖြင့် မြန့်မာပင်လယ်ပြင်ရှိ စီးပွားရေးဇုန်များကို ကာကွယ်နိုင်စွမ်းရှိသည့် ရေတပ်တစ်ခုဖြစ်လာစေရန် မျှော်မှန်းထားကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြေားကြားခဲ့သည်။

Western News-WNဓာတ်ပုံ-Western News