ဖားကန့်ကျောက်လုပ်ငန်းရှင်ကို ဖမ်းပြီး ပိုင်ဆိုင်မှု ကျပ် ၁၂ ဘီလျံ နီးပါးသိမ်

Posted by: | Posted on: August 23, 2022

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ တန်ဖိုး လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုး အများဆုံး ပမာဏကို စစ်ကောင်စီက နိုင်ငံပိုင် အဖြစ် သိမ်းယူလိုက်ပါတယ်။

 ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ PDF တို့ကို ထောက်ပံ့ကူညီသူလို့ စွပ်စွဲခံရတဲ့ မန္တလေးမြို့က နာမည်ကြီး ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်သူရကို သြဂုတ်လ ၁၇ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

 အဲဒီနောက် သုံးရက် အတွင်းမှာပဲ မန္တလေး၊ ဖားကန့်နဲ့ နေပြည်တော်တို့မှာရှိတဲ့ ဦးကျော်သူရရဲ့ နေအိမ်၊ လုပ်ငန်း၊ အလုပ်ရုံတွေ အပါအဝင် ပိုင်ဆိုင်မှုတွေ အားလုံးကို ချိပ်ပိတ် သိမ်းဆည်းလိုက်ပါတယ်။

 တန်ဖိုး အားဖြင့် ငွေကျပ်  သိန်းပေါင်း ၁၁၈၄၄၉ သိန်း၊ အကြမ်းအားဖြင့် ကျပ်ငွေ ၁၂ ဘီလျံနီးပါး တန်ဖိုးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

 ချိပ်ပိတ်ခံရတဲ့ ဦးကျော်သူရရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ မြေ၊ အဆောက်အအုံနဲ့ စက်ယန္တရားတွေ အပြင် ကျောက်စိမ်း ဖြတ်သားနဲ့ အရိုင်းတုံး ၁၉၃ တန် ပါတဲ့ အတွက် စစ်ကောင်စီက တွက်ချက်တဲ့ တန်ဖိုးထက် အများကြီး ပိုနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

ဦးကျော်သူရကို ဖမ်းတာ ဘာကြောင့်လို့ စစ်ကောင်စီပြောလဲ

မြန်မာနိုင်ငံကျောက် မျက်လုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သူရပိုင်ဆိုင်တဲ့ မြန်မာသူရကျောက်မျက် ကုမ္ပဏီ ဟာ ဖားကန့်က ထိပ်တန်း ကျောက်စိမ်းကုမ္ပဏီကြီးတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။

 သတင်းပေးတိုင်ကြားမှုတွေ အရ PDF တွေကို ထောက်ပံ့သူလို့ စွပ်စွဲခံရတဲ့ မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ်မှာ နေထိုင်တဲ့ သူ့ ကုမ္ပဏီရဲ့ ကားမောင်းသမား ဦးမွန်သူအောင်ကို ဖမ်းဆီးပြီး စစ်ဆေးရာမှာ သူ့ထွက်ဆိုချက်တွေ အရ ဦးကျော်သူရကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သြဂုတ်လ ၂၁ ရက် ရက်စွဲနဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 အဲဒီ ကားမောင်းသမားရဲ့ ထွက်ဆိုချက်တွေအရ ဦးကျော်သူရကို ဖမ်းဆီး စစ်ဆေးပြီး ထိန်းသိမ်းတာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

 ဦးကျော်သူရဟာ ပြည်တွင်း၊ ပြည်ပက CRPH၊ NUG နဲ့ PDF တို့နဲ့ ဆက်နွှယ်နေသူတွေကို  ကျပ် သိန်းတစ်သောင်းကျော် အထိ ထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 ကျောက်မျက် စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ တချို့က ဆန္ဒပြမှုတွေကို ကူညီပံ့ပိုးတာတွေ ရှိပြီး နောက်ပိုင်း ဒီအဖွဲ့တွေက အကြမ်းဖက် အဖွဲ့တွေအဖြစ် အသွင်ပြောင်းသွားတဲ့အခါ သူတို့နဲ့ ဆက်စပ်တာတွေကို အကြမ်းဖက် ဥပဒေ နဲ့ပဲ ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

 အဲဒီထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်တွေ အထိနာနေတဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  PDF  တွေကို လည်းထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထား ပါတယ်။

နမူနာ ဖမ်းပြပြီး ကျောက်လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်တာလား

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းတွေ အဖြစ် သတ်မှတ်ကြေညာထားတဲ့ CRPH၊ NUG နဲ့ PDF တွေကို ထောက်ပံ့တဲ့ နောက်ထပ်ကျောက်မျက်လုပ်ငန်းရှင်တွေ ရှိနေတာ ကိုလည်း သိရှိထားပြီး  ဆက်လက် ဖော်ထုတ် ဖမ်းဆီးအရေးယူမယ်လို့ လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထား ပါတယ်။

 ဦးကျော်သူရ ဖမ်းဆီးခံရပြီးတဲ့နောက် ကျောက်မျက်လုပ်ငန်းရှင်တွေကြားမှာလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ကြပါတယ်။

 ကျောက်မျက်လုပ်ငန်းရှင်တချို့ကို စစ်ဆေးတာမှုတွေရှိနေပြီး ဦးကျော်သူရ ကို ဖမ်းဆီးမှု မတိုင်ခင်ကတည်းက ခေါ်ယူ စစ်ဆေးခံနေရတဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေလည်းရှိတယ်လို့ ကျောက်မျက် လုပ်ငန်းရှင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

 ဒါကြောင့် လုပ်ငန်းရှင်တွေကြားမှာ ကူထားတဲ့သူတွေရော၊ မကူထားတဲ့သူတွေ ပါစိုးရိမ်နေကြတဲ့ အခြေအနေဖြစ်သွားပြီလို့ သူက ပြောပါတယ်။

 ဦးကျော်သူရကို ဖမ်းဆီးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ကို ချိပ်ပိတ် သိမ်းဆည်း ပြတာက CRPH၊ NUG နဲ့ PDF တို့ကို ကျောက်မျက် လုပ်ငန်းရှင်တွေ ဆက်လက် မထောက်ပံ့ရဲအောင် စစ်ကောင်စီက ခြိမ်းခြောက်တဲ့ အနေနဲ့ သတိပေးတာ ဆိုတဲ့ ပြောဆို သုံးသပ်မှုတွေလည်း ရှိနေပါတယ်။