မြစ်ဆုံ ဒေါင်ပန်ကျေးရွာဟောင်းတွင် ဒေသခံများကန့်ကွက်နေသည့်ကြားမှ ရွှေတူးဖော်မှု ဆက်လက် လုပ်ကိုင်နေ၊ KIO အနေဖြင့် အရေးယူပေးရန် ဒေသခံများလိုလား
Posted by: MMWN | Posted on: August 11, 2022မြစ်ကြီးနား – ဇူလိုင် ၃၀ ၊ ၂၀၂၂။
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရသော ဒေါင်ပန်ကျေးရွာဟောင်းတွင် စက်ယန္တရာကြီးများဖြင့် ရွှေတူးဖော်မှုကို ဒေသခံများကန့်ကွက်ခဲ့သောကြောင့် ခေတ္တရပ်နားခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်တူးဖော်နေကြောင်းသိရသည်။ ဒေါင်ပန်ကျေးရွာဟောင်းတွင် လွန်ခဲ့သော ဇွန်လဆန်းမှစတင်ကာ စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်မှုများပြုလုပ်ခဲ့သည့်အတွက် ဒေသခံများက ကန့်ကွက်ခဲ့ကြသော်လည်း ဆက်လက်တူးဖော်နေဆဲဖြစ်ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦး The 74 Media ကိုပြောသည်။ “ကျွန်တော်တို့ စကားကို နည်းနည်းမှ ဂရုမစိုက်ကြဘူး။ ခုဆိုရင် ကားအကြီးနဲ့ ရွှေမျောချဖိုတောင်လုပ်နေကြပြီ။ ဘယ်လိုပြောပြော ခုနိုင်ငံရေးအခြေအနေနဲ့ကလည်း ခက်ခဲ။ အဘက်ဘက်က ခက်ခဲတာကို အခွင့်ကောင်းယူပြီး လုပ်နေကြတာ။ မာရှယ်လောထုတ်ထားတယ်လိုလည်းပြောသေးတယ် ဒေသခံတွေကကျတော့ မဝင်ရဘူးတဲ့ တခြားဘယ်ကမှန်းမသိတဲ့သူတွေကျတော့ မြေတွေပါပြောင်းပြန်လှန်တူးလို့ရနေတယ်” ဟုပြောသည်။
ပြည်သူများနှင့်သက်ဆိုင်သည့်မြေများကို ယခုကဲ့သို စက်ယန္တရားဖြင့်ရွှေတူးဖော်နေမှုများကို အမြန်ဆုံးရပ်တန့်ပေးစေလိုပြီး ရွှေတူးဖော်နေသူများကို အရေးယူပေးရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထံ တင်ပြသွားမည်ဟု သူက ဆက်ပြောသည်။”စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေကို ပြောလည်း ထူးမှာမဟုတ်ဘူး။ ဒါကြောင့် ကေအိုင်အိုအစိုးရကို အရေးယူပေးဖို့ တင်ပြသွားမယ်။ ကေအိုင်အိုရဲ့ ဆဒုံးခရိုင်တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ထိထိရောက်ရောက် ကိုင်တွယ်ပေးစေချင်တယ်” ဟု ဆိုသည်။ ဒေါင်ပန်ကျေးရွာဟောင်းဒေသခံများကို ဦးလဆန်အောင်ဝါပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီဒီယာများထံ သတင်းပြန့်ကြားစေမှုများမပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း အခြား ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။ “ရွှေတူးတာကို ကန့်ကွက်တယ်လို မီဒီယာပေါ်တင်တယ်။ ဒေသခံတွေလက်မှတ်ထိုးပြီး ကန့်ကွက်ကြတယ်။ အဲ့တုန်းက သူတို ရွှေတူးတာ ခဏရပ်သွားပြီး မီဒီယာတွေကို မတူးဘူးဆိုတဲ့ဟာ ပြောပေးဖို လာပြောကြတာတွေလည်း ရှိခဲ့တယ်ကြားတယ်။ မကြာပါဘူး ဦးယွပ်ဇော်ခေါင် မြစ်ဆုံမှာတူးသလိုမျိုး ကားအကြီးတွေနဲ့ ရွှေမျောတိုက်ပြီး တူးတော့တာ။ အဲ့လိုကားအကြီးမျိုးက သုံးစီးထင်တယ်။ ဟိုတလောကမှ တက်သွားတာ ကားနောက်တစ်စီးကကျ ဆီအပြည့်တင်သွားတာ။ ကျွန်တော်တို့ကို သူတိုက လုံးဝ ဂရုမစိုက်တဲ့ပုံပဲ” ဟုပြောသည်။
အဆိုပါ ဒေါင်ပန်ကျေးရွာဟောင်းတွင် ရွှေတူးဖော်မှုကို စစ်ကောင်စီလက်အောက်ခံ ဦးလဆန်အောင်ဝါဦးဆောင်သော ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် ဗိုလ်ကြီး ဦးဆိုင်းနော်နှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်းပြောဆိုနေသော်လည်း The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။ရွှေတူးဖော်မှုသည် ဧရာဝတီမြစ်ရေလမ်းကြောင်း ပြောင်းလဲမှုများဖြစ်လာကာ လက်ရှိနေထိုင်နေသော ကျေးရွာပင်ပျောက်သွားမည်ကို စိုးရိမ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ခုလိုမျိုး ရွှေတွေတူးတဲ့အချိန်ကြတော့ ရေလမ်းကြောင်းကလွဲသွားမှာပဲ။ ရေတွေပြည့်လျှံလို အဲ့ဒါကြီး ပေါက်ခဲ့ရင်ကတော့ ခုရွှေ့ထားတဲ့ မလိယန်လည်း ဘာမထူးဘူး ပါသွားမှာပဲ။ အဲ့ကြောင့် ရွာကိုလည်း ဆုံးရှုးရသေး ခုလိုသာတူးနေလို့ကတော့ ရွာအသစ်ကလည်း ရေထဲပါသွားဖို့များနေတယ်” ဟု ပြောသည်။ မြစ်ဆုံစီမံကိန်းကြောင့် ဒေါင်ပန်ကျေးရွာဒေသခံများသည် မလိယန်ကျေးရွာသို ၂၀၁၀ ခုနှစ်တွင် ပြောင်းရွှေ့ခံခဲ့ရသည်။
ဒေါင်ပန်ကျေးရွာဟောင်းတွင် ၂၀၁၃ ခုနှစ်တွင်တစ်ကြိမ် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပုဒ်မ ၁၄၄ ပြန်လည်ထုတ်ပြန်ခဲ့ကာ ဒေါင်ပန်ကျေးရွာဟောင်းသို သွားရာလမ်းကို ပြည်သူ့စစ်များက ဂိတ်နှစ်ခုပြုလုပ်ကာ ဒေသခံများ၏ သွားလာမှုကို ကန့်သတ်ခဲ့သည်။မြစ်ဆုံစီမံကိန်းကြောင့် ဒေါင်ပန်ကျေးရွာအပါအဝင် အောင်ဂျာယန်ရွာနှင့် ရွှေဘားရွာများသည်လည်း မလိယန်ကျေးရွာသို ရွှေ့ပြောင်းခံထားရပြီး လူဦးရေစုစုပေါင်း ၄၀၀ ဦးခန့်နှင့် အိမ်ခြေစုစုပေါင်း ၁၅၀ ခန့်ရှိသည်။ပုံ – လွန်ခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က ရိုက်ကူးထားသည့် ဒေါင်ပန်ကျေးရွာမှ ရွှေလုပ်ကွက် ပုံရိပ်အချို့။