ဟူးကောင်းဒေသ ဝါရာဇွပ်ကျေးရွာတွင် ရွှေတူးဖော်ခြင်းကြောင်းဒေသခံများ စိုက်ပျိုးမြေနေရာရှားပါးလာခြင်း
Posted by: MMWN | Posted on: June 11, 2023နောက်ခံသမိုင်းကြောင်း
မိုးကောင်းချောင်း ရွှေမှော်သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဝါရာဇွပ်ကျေးရွာ၏ အရှေ့ဘက်(၅)မိုင်ခန့်အကွာတွင် တည်ရှိသောရွှေမှော်အသေးစားဖြစ်သည်။ ၎င်းရွှေမှော်သည် ၂၀၂၁ ရှေ့ပိုင်းတွင် ဒေသခံတစ်ချို့က တစ်နိုင်တစ်ပိုင်ဖြစ်သာ ထိုးလောင်းခြင်း ပြုလုပ်ခဲ့သည်။ ၂၀၂၁ နောက်ပိုင်းတွင်မူ လုပ်ငန်းရှင်များလည်း ရွှေတူးဖော်ရန် မြေနေရာရှားပါးလာခြင်း၊ မလောက်ငှခြင်းစသည့် ပြဿနာများကြောင့် ယခုမိုးကောင်းချောင်းဘေးသို့ နေရာပြောင်းရွှေ့လာကြြခင်း ဖြစ်သည်။ ကနဦးပိုင်းတွင် ၎င်းမြေနေရာများသည် ဒေသခံများ၏ စိုက်ပျိုးမြေဧရိယာနှင့် ယုဇနကုမ္မဏီ မြေဧရိယာဖြစ်သည်။ ၂၀၂၁ ရှေ့ပိုင်းတွင် ကေအိုင်အိုအစိုးရက အဓိက ထိန်းချုပ်ထားသော်လည်း ယခုတွင်မူ ဝါရာဇွပ်ပြည်သူ့စစ်များလည်း ပါဝင်လာကြောင်း သိရသည်။
မြေယာခြေအနေ
မိုးကောင်းချောင်း ရွှေမှော်သည် ဝါရာဇွပ်ကျေးရွာနှင့် ဘန်ဘောက်ကျေးရွာနှင့် နယ်နမိတ် ထိစပ်လျက်ရှိသော နေရာဖြစ်သည်။ ၎င်းအနီးတဝိုက်တွင် ဒေသခံများအချို့ စိုက်ပျိုးရေး လုပ်ကိုင်စားသောက်သည့် နေရာလည်း ရှိသည်။ မြေပြန့်မြေဧကဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းရှင်များ သဘောကျ နှစ်ခြိုက်ကြသည်။ မိုးကောင်းချောင်းရွှေမှော်သည် လီဒိုလမ်းမကြီးနှင့် မနီးမဝေးသာ ဖြစ်သည်။ ဝင်လွယ်ထွက်လွယ်သည့် နေရာဖြစ်သည်။ မြေယာတန်ဖိုးမှာလည်း တစ်နေရာနှင့်တစ်နေရာ မတူညီပေး။ (၁)ဧက သိန်း(၂၅) နှင့် (၃၅) သိန်းကြားရှိသည်။ ရွှေထွက်သည့် အခြေအနေပေါ်မူတည်၍ မြေယာတန်ဖိုး ဆုံးဖြတ်ကြသည်။
လက်နက်ကိုင်နှင့် လုံခြုံရေး
မိုးကောင်းချောင်း ရွှေမှော်သည် ကေအိုင်အိုရင်း (၁၄)နယ်မြေ၊ စကစတပ် ၂၉၇ တပ်ရင်း၊ ဝါရာဇွပ်ပြည်သူ့စစ် အဖွဲ့များလှုပ်ရှားရာ နေရာဖြစ်သည်။
လက်နက်ကိုင်အဖွဲ့များပြားသောကြောင့် ဒေသခံပြည်သူလူထုများ သွားရေးလာရေး၊ တောင်ယာ၊ လယ်ယာသွားလာမှု သတိဝိရယဖြင့် သွားလာနေရသည်။ ဂျာဝမ်ရွှေမှော်ဟောင်းလမ်း၌ နှင်းမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်မှု မကြာခဏဖြစ်လေ့လျက်ရှိသည်။ ၎င်းနင်းမိုင်းအဓိက မိုင်းထောင်သူမှာ ပြည်သူ့စစ်အဖွဲ့ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နင်းမိုင်းကြောင့် ဒေသခံထိခိုက်ဒဏ်ရာရသူ (၁၀)ဦးထက်မနည်းရှိခဲ့သည်။ နိုင်ငံရေးနှင့် စစ်ရေး၌ ပါဝင်ပတ်သက်သူများ သွားလာမှု နွက်နယ်များပြားကြောင်း တွေ့ရသည်။
ရင်းနှီးမြုပ်နှံမှု
မိုးကောင်းချောင်း ရွှေမှော်တွင် ရွှေတူးဖော်လိုပါက ကေအိုင်အိုအစိုးရထံ ပထမဦး အကြောင်းကြား ခွင့်ပြုချက်တောင်းခံရမည်။ ဒေသခံတို့မှ မြေယာတစ်ဧကလျှင် (၂၅)သိန်းဈေးဖြင့် ဝယ်ယူရသည်။ ဘက်ဖိုတ်တစ်စီး ၃သိန်း၊ လစဉ်ကြေးအဖြစ် တစ်လ(၅)သိန်းပေးဆောင်ရပြီး ဘက်ဖိုးတစ်စီးဖြတ်သန်းခ သိန်း(၁၀၀)ဖြစ်သည်။ လူအခွန် လူတစ်ဦးအား ကျပ်(၅၀၀၀)ပေးရပြီး တစ်လလျှင် ရွှေတစ်ကျပ်သားနှင့် ငွေသား(၁၅)သိန်းခန့်ပေးဆောင်ရသည်။ ဆီပေပါအခွန်များကိုမူ ကောက်ခံခြင်းမရှိသေးကြောင်း သိရသည်။ အခွန်ကောက်ခံခြင်းအား တိုက်ရိုက်ကောက်ခံခြင်း မဟုတ်ဘဲ ဖုန်းဖြစ်စေ၊ လူလွတ်၍ဖြစ်စေ ဆောင်ရွက်မှုများ ရှိကြသည်။ ရံဖန်ရံခါ လုပ်ငန်းရှင်တို့မှ သွားရောက်အခွန်ဆောင်ရွက်ကြောင်းသိရသည်။
ဒေသခံလူထုအခက်အခဲ
ကေအိုင်အိုအစိုးရနှင့် PTS အဖွဲ့အဓိကထိန်းချုပ်ရာနေရာဒေသဖြစ်သောကြောင့် ပြည်သူလူထုများ အသွားအလာအခက်အခဲရှိလှသည်။ လွတ်လပ်စွာ သွားလာခွင့်မရှိခြင်း၊ အချိန်အကန့်အသတ်နှင့် သွားလာရခြင်း၊ လုယက်မှုများ၊ ဓာပြမှုများလည်းရှိလာသည်။ စီးပွားကူးသန်းရောင်းဝယ်မှုများ ခက်ခဲလာသည်၊ ကြပ်တည်းလာသည်။ ဟန့်တားမှုအခြေအနေများ ပိုများလာသည်။ အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် လူငယ်များသည် လမ်းမှားရောက်လာကြသည်။ အာဏာရှင်ကလည်း ခြိမ်းခြောက်မှုများ ပိုမိုလုပ်ဆောင်လာကြသည်။ နိုင်ငံရေးအကြောင်းပြ၍ စီးပွားရေး အာဏာရှင်များ ပိုမိုချဲ့ထွင်လာကြသည်။ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ကြားမှာ ပြည်သူများ မြေစာပင် ဖြစ်လာရသည်။ ၎င်းမိုးကောင်းချေင်းရွှေမှော် မလှမ်းမကမ်းတွင် ဝါရာဇွပ်ကျေးရွာ၊ ဘန်ကောက်ကျေးရွာ၊ အောင်ရာကျေးရွာ၊ နှောင်းမှီကျေးရွာ တို့တည်ရှိပြီး လီဒိုလမ်းနှင့်လည်း နီးစပ်သည်။
မြေယာပြဿနာ(ဘန်ကောက်တိုးချဲ့ရွာသစ်)
ဘန်ကောက်တိုးချဲ့ရွာသစ်သည် ဘန်ကောက်ကျေးရွာနှင့် ထိစပ်လျက်ရှိသည်။ ၎င်းရွာသစ်တွင် ကချင်၊ လီဆူ လူမျိုးစုများ နေထိုင်ကြပြီး လီဆူတိုင်းရင်းသားများ ပိုမိုနေထိုင်ကြသည်။ ၂၀၂၁ခုနှစ်မှစ၍ စတင်နေထိုင်လာကြပြီး ၂၀၂၂ ခုနှစ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ဦးစီးကာ ခြံဝင်း ၈၀/၁၀၀ အား နှစ်သိန်းနှုန်းဖြင့် ဝယ်ယူကြသည်။ သို့ရာတွင် ၎င်းရွာသစ်သည် လီဆူ လူမျိုးများကိုသာ အဓိကဦးစားပေးသည်ဟု ပြောဆိုနေခြင်းကြောင့် ကချင်လူမျိုးများ မြေယာလိုချင်သူများ စိတ်ခနိုးခနောက် ဖြစ်နေရသည်။ တစ်ချို့သော ဒေသခံတို့က ၎င်းရွာတိုးချဲ့ခြင်းအား လက်မခံကြပေ။ အဘယ်ကြောင့်ဆိုသော် လီဆူလူမျိုးများ သီးသန့်မြေနေရာဦးထားသည်ဟု ပြောကြသည်။ အိမ်ခြေ (၅၀) ကျော်(၆၀)နီးပါး နေထိုင်ပြီး လူဦးရေ ၃၀၀ ခန့်ရှိသော ရွာဖြစ်သည်။ အဓိကလုပ်ငန်းမှာ လယ်ယာမြေ လုပ်ကိုင်စားသောက်ကြသည်။ ယခုလက်ရှိမှာလည်း ၎င်းရွာသစ်မြေနေရာမှာ စိတ်ချရသော အနေအထား မရှိသေးပေ။ ယာယီသဘောထားမျှသာဖြစ်သည်။